လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော အမျိုးသမီး၏ မိသားစုကို စစ်ကောင်စီက ငွေကျပ် ၂၁ သိန်းဖြင့် တောင်းပန်

မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာတွင် လွန်ခဲ့သည့်အပတ် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော အသက် ၅၀ ကျော်အရွယ် အမျိုးသမီး၏ မိသားစုဝင်များကို စစ်ကောင်စီ တပ်မ ၈၈ နှင့် ခမရ ၆၁၆ တပ်ရင်း အဖွဲ့က ငွေကျပ် ၂၁ သိန်းဖြင့် လာရောက်တောင်းပန်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်နေ့ နွမ်းလန့်အခြေစိုက် ခမရ ၆၁၆ မှ ငွေကျပ် ၁ သိန်းနှင့် တပ်မ ၈၈ မှ ငွေကျပ် သိန်း ၂၀ ကို မိသားစုဝင်များအားပေးခဲ့ပြီး ပြစ်မှု ကျူးလွန်သော စစ်သား ၃ ဦးကိုလည်း တရားစီရင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောသည်။

“မနေ့က တပ်မ ၈၈ က သိန်း ၂၀ ပေးပြီး လာတောင်းပန်တယ်။ စစ်သား ၃ယောက်ကိုတော့ သူတို့ နည်းအတိုင်း တရားစီရင်မယ်တဲ့။ လူသတ်မှုလို့ပဲ ပြောတယ်။ မဒိမ်းမှုလို့ မပြောဘူး အဲဒါကိုတော့ သူတို့ ဖြတ်လိုက်တယ်” ဟု ပြောသည်။

ဒေသခံအမျိုးသမီးသေဆုံးမှုကို လူသတ်မှုအဖြစ်သာပုံဖော်ခဲ့ပြီး အဓမ္မပြုကျင့်မှု မရှိခဲ့ကြောင်း စစ်ကောင်စီဘက်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဇူလိုင် ၁၇ ရက်နေ့ထုတ် စစ်ကောင်စီအောက် မြန်မာ့အလင်း သတင်းစာတွင် ‘နွမ်းလန့်ရှိ အဆိုပါအမျိုးသမီးနှင့် စစ်သား ၃ ဦး စကားများ ရန်ဖြစ်ရာမှ ဓါးထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း’ ဖော်ပြခဲ့သည်။

သတ်ဖြတ်ခံရသော အမျိုးသမီးသည် ဇူလိုင် ၁၄ ရက်နေ့ နွမ်းလန့်ကျေးရွာဖြင့် ၂ မိုင်ခန့်ဝေးသော လယ်တောသို့ သွားရာလမ်းတွင် ပျောက်ဆုံးခဲ့ပြီး နောက်တစ်ရက် လယ်တောတစ်နေရာတွင် သူ၏ ပါးစပ်ကို အကျီဖြင့် ပိတ်စည်းထားကာ ခန္ဓာဗလာဖြင့် သေဆုံးနေသည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

ထို့အပြင် ရုပ်အလောင်းကို ဗန်းမော်မြို့ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးမှု ၂ ရက်ကြာသွားသဖြင့် အဓမ္မပြုကျင့်မှုမြောက် မမြောက်ကို စစ်ဆေးခြင်းမပြုပေးကြောင်း ဒေသခံများက ဆိုသည်။

သို့သော် အသတ်ခံရသောနေရာတွင် ခန္ဓာဗလာဖြင့် အဓမ္မပြုကျင့်သည့် အရာများထင်ကျန်နေသောကြောင့် ဓါးထိုးမှုတစ်ခုတင်မဟုတ်ဘဲ အဓမ္မပြုကျင့်မှုပါ စစ်တပ်က ကျူးလွန်ခဲ့သည်ဟု ဒေသခံများက အခိုင်အမာ ပြောဆိုနေကြသည်။

ကချင်ပြည်နယ်အမျိုးသမီးများကွန်ရက် KSWN ကလည်း နွမ်းလန့်ကျေးရွာမှ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကို အရေးယူပေးရန် နိုင်ငံတကာ ခုံရုံးအထိ တင်ပြတောင်းဆိုသွားမည်ဟု ဇူလိုင် ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

“အခု စစ်ကောင်စီကို ကျမတို့ အစိုးရလို့ မခံယူတဲ့အတွက် သူတို့ စီရင်တာကိုလည်း လက်မခံနိုင်ဘူး။ ဒါကြောင့် အရေးကြီးတာက ကျမတို့ ပြည်သူတွေကို နှိပ်စက်နေတဲ့စစ်တပ်ကို အမြန်ဖြုတ်ချပေးဖို့ လိုတယ်။ အခု NUG အစိုးရက တရားရုံးလည်းမရှိတဲ့အတွက် ကျမတို့က ဒါကို UN လူ့အခွင့်အရေးအဖွဲ့ကို တင်ပြမယ်။ ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့တောင်းဆိုမယ်” ဟု KSWN မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောဆိုခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ခေတ်အဆက်ဆက် ကချင်ဒေသရှိ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ပြီး ထိရောက်စွာ အရေးယူခြင်း မရှိခဲ့ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

နွမ်းလန့်ကျေးရွာမှ အသက် ၅၁ နှစ်အရွယ် ဒေါ်မခေါ်ရွယ် သတ်ဖြတ်ခံရမှု ရက်တပတ်ပြည့်သော ယနေ့ ၎င်းတို့နေအိမ်တွင် ဆုတောင်းမှု ပြုလုပ်နေကြောင်း သိရသည်။

နွမ်းလန့်ကျေးရွာသည် ပြီးခဲ့သည့် ၃ လခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော နေရာများဖြစ်သည်။

Show More

Related Articles

Back to top button