သတင်း

ဝိုင်းမော် ၅၈ တပ်ရင်းမှ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း KIA ပြော

ဝိုင်းမော်မြို့ စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ယမန်နေ့ည ပစ်ခတ်မှုဖြစ်ပွားရာတွင် KIA က သွားရောက်တိုက်ခိုက်ခြင်းကြောင့်မဟုတ်ဘဲ​ စစ်ကောင်စီက တစ်ဖက်သတ်ရမ်းသမ်းပစ်ခတ်ခြင်းသာဖြစ်ကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျနော်တို့ KIA ဘက်ကတော့ သွားရောက်ပစ်ခတ်တာမရှိသလို သွားလည်းမသွားပါဘူး။ ကျနော်တို့အထင်က သူတို့ဘက်က အရမ်းကြောက်လို့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ပဲမြင်တယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက KNG သတင်းဌာနကို ယနေ့ မနက်ပိုင်းက ပြောဆိုခဲ့သည်။

ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်မှစတင်ပြီး ဝိုင်းမော် ၅၈ တပ်ရင်းအနီးတွင် လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်သံ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ည ၁၁ နာရီခန့်တွင် ရဟတ်ယာဉ် ၂ စီးဖြင့် သွားရောက်ပျံဝဲခဲ့သလို တင့်ကားသံများလည်း ကြားရကြောင်း ဒေသခံများ ပြောသည်။

“KIA ကလာတိုက်ပြီး တိုက်ပွဲဖြစ်တဲ့ပုံစံမဟုတ်ဘူး။ ၅၈ တပ်ရင်းကနေ KIA ရှိတဲ့ဘက်ကို တစ်ဖက်သတ် ပစ်နေတဲ့ ပုံစံဘဲကြားရတယ်။ တစ်ညလုံးဘဲ ပစ်ခတ်နေတာ။ ဒီမနက် ၂ နာရီဝန်းကျင်အထိ ကြားနေရသေးတယ်။ လက်နက်ကြီး အကြိမ် ၈၀ လောက်တောင်ကြားရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

ထိုသို့ ယမန်နေ့ညက စစ်ကောင်စီ ၅၈ တပ်ရင်း မှ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ဝိုင်းမော် လဘန်ကျေးရွာတွင် လက်နက်ကြီးတစ်လုံးကျပြီး မွေးမြူရေး ဝက်ခြံမှ ဝက်များ သေဆုံးမှု ရှိခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၂ ရက်ညကလည်း တိုက်ပွဲ ဖြစ်ပွာခြင်းမရှိဘဲ စစ်ကောင်စီက တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

တစ်ချိန်တည်းတွင် အာဏာသိမ်းစစ်တပ်က KIO ဗဟို ဌာနချုပ် လိုင်ဇာမြို့ဘက်သို့လည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

Show More

Related Articles

Back to top button