လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှ လူနေအိမ်များသို့ လက်နက်ကြီး ဆက်လက် ပစ်ခတ်

ဝိုင်းမော်မြို့ နယ်မြခံ ခလရ ၅၈ တပ်ရင်းမှ လူနေအိမ်များသို့ ညစဉ်လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယနေ့ နံနက်အစောပိုင်း ပစ်ခတ်မှုတွင် ကျေးရွာ နေရာ ၃ ခုတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။

လဘန်ကျေးရွာ၊ ခတ်ချိုအနီးတဝိုက်နှင့် ဝိုင်းမော်အဝင် နန့်မြစ်ချောင်း စသော ၃ နေရာတွင် မပေါက်ကွဲသော လက်နက်ကြီးကျည်များကို မြင်တွေ့ရကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီမနက်လည်း အကြာကြီးဘဲ လက်နက်ကြီးသံတွေကြားရတာ။ ရမ်းသမ်းပစ်ခတ်တဲ့ ပုံစံဘဲ။ သူတို့ ထင်တဲ့နေရာတိုင်းကို ပစ်သလိုဖြစ်နေတယ်။ အခုကြားရသလောက် ၃ နေရာမှာ လက်နက်ကြီး ကျည်ကျနေတာမြင်တွေ့ရတယ်။ နေအိမ်ပျက်စီးတာလည်းပါတယ်လို့ ပြောနေကြတယ်”ဟု ပြောဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်သလို KIA ဘက်ကလည်း သွာရောက်ပစ်ခတ်ခြင်း မရှိကြောင်းသိရသည်။ ယနေ့ နံနက် ၂ နာရီမှ ၃ နာရီကြား ပစ်ခတ်မှုတွင် လက်နက်ကြီး အချက် ၂၀ ကျော် ကြားရသည်ဟု ဝိုင်းမော် ဒေသခံများထံမှ သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် နေအိမ်အတွင်း လက်နက်ကြီး ကျရောက်မှု၊ လမ်းမပေါ်တွင် မပေါက်ကွဲဘဲ ကျရောက်နေသော လက်နက်ကြီးကျည်များကို ပြည်သူများကို ဓါတ်ပုံရိုက်ကာ လူမှုကွန်ရက်ပေါ်တွင် မျှဝေနေကြသည်။

ဝိုင်းမော်တွင် တိုက်ပွဲ မဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသည်မှာ ၃ ရက်ဆက်တိုက် ရှိပြီ ဖြစ်သည်။

Show More

Related Articles

Back to top button