လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် မိုင်းနောင် ပြည်သူ ၂ဦး ဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီး

အင်းတော်ကြီးမြို့ မမုန်ကိုင်အုပ်စု မိုင်းနောင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်မှ ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။

ဩဂုတ် ၁၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မ ၃၃ ၊ ခလရ ၁၁ နှင့် ပြည်သူ့စစ်အဖွဲ့များပါဝင်သော အင်အား ၃၀ ကျော်ခန့်က မိုင်းနောင်ကျေးရွာ စုစည်းရပ်ကွက်ဘက်သို့ သေနတ် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း အမည်မဖော်လို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုင်းနောင်ကျေးရွာရဲ့ ပတ်ပတ်လည်းမှာ တစ်ခြားလူမျိုးတွေလည်းရှိကြတယ်။ ဒါပေမယ့် အဲ့ဒီဘက်က မပစ်ဘူး။ စစ်သားတွေက ကချင်တွေနေတဲ့ ရပ်ကွက်ဘက်ဘဲ ပစ်သွားတယ်။ တစ်ချို့အိမ်တွေဆို ကျည်ထိအရာတွေကြီးဘဲ အပေါက်တွေဖြစ်ကုန်ပြီ။ အသက်ကြီးတဲ့ အမျိုး သမီး ၂ယောက်က ဒဏ်ရာ ရထားတယ်” ဟု ပြောဆိုသည်။

ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်ရှိ ဒေါ်ဒရှီလုတောင် (Jan Dashi Lu Tawng) ၏ လက်မောင်းတစ်ဖက်တွင် ကျည်ထိမှန်ထားပြီး အသက် ၅၂ အရွယ်ရှိ ဖကွန်ဘေက်ဂျာ ခါးနောက်ကျောတွင် ထိခိုက်ဒဏ်ရာရှိထားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အဖွဲ့ကည ၁၁ နာရီဝန်းကျင်အထိ ရွာထိပ်ပိုင်းမှ ရွာအောက်ပိုင်းအထိ ည ၁၁ နာရီဝန်းကျင်အထိ လာရောက် ပစ်ခတ်မှုပြုလုပ်သွားခဲ့သောကြောင့် စုစည်းရပ်ကွက်အတွင်း လူနေအိမ် ၅ အိမ်ထက် မနည်း လက်နက်ကျည်ထိကာ ပျက်စီးမှုရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် မဟုတ်ဘဲ စစ်ကောင်စီဘက်က တစ်ဖက်သတ် လာရောက်ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။

Show More

Related Articles

Back to top button