တိုက်ပွဲသတင်း

စစ်ရိက္ခာသယ်သင်္ဘောကို KIA ပစ်ခတ်ပြီးနောက် စစ်ကောင်စီက မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးပစ်ကာ ရွှေကူသို့ ဆန်တက်လာ

ကသာမြို့နယ် မှ ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘောတစ်စီးကို KIA က ပစ်ခတ်လိုက်ပြီးနောက် အဆိုပါ သင်္ဘောသည် မြစ်ကမ်းတစ်လျှောက် လက်နက်ကြီးများ ပစ်ခတ်ကာ ရွှေကူမြို့သို့ ဆန်တက်လာကြောင်း သိရသည်။

KIA အနေဖြင့် တစ်နေရာတွင်သာ ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး ကျန်သည့်နေရာများတွင် စစ်ကောင်စီဘက်က လမ်းရှင်းသည့်သဘောဖြင့် ရမ်းသမ်းပစ်ခတ်မှုသာ ဖြစ်သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောသည်။

“ ပထမဆုံး KIA က အရင်ပစ်တယ်။ အဲဒီနောက်ပိုင်းတော့ ကျန်တဲ့လမ်းတစ်လျှောက်ကို သူတို့ လမ်းရှင်းတဲ့သဘော ဟိုဘက် ဒီဘက် ပစ်ပြီး တက်လာတာ။ KIA က ဆက်မပစ်တော့ဘူး။ ဆိုတော့ ပစ်တယ်ဆိုလည်း မှန်တယ်။ မပစ်ဘူးဆိုလည်း မှန်တယ်။ ဘာလို့ဆိုတော့ ၂ နေရာလောက် ပစ်ခတ်မှု ဖြစ်သွားတာကို” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ယနေ့ မွန်းလွဲ ၃နာရီ ဝန်းကျင်ခန့်တွင် ရွှေကူဘက်သို့ ဆန်တက်လာသည့် သင်္ဘောမှာ ရွှေကူမြို့မရောက်မှီ ကျောက်ကြီး ကျေးရွာအနီးတဝိုက်ကြားတွင်လည်း လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်မှုများပြုလုပ်သွားသည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။

“ကျောက်ကြီးရွာရဲ့ အဝင်နားမှာ ၃ ချက်လောက်ပစ်တယ်။ ရွာထပ်ပိုင်းရောက်တဲ့အခါမှာ ကမ်းရဲ့ တောဘက်ကို ဆက်တိုက် ပစ်တယ်။ အချက် ၂၀ လောက်ရှိမယ်ထင်တယ်။ ပြီးရင် ကျောက်ကြီးရွာရဲ့ အဝင်ထဲက သစ်စက်ထဲမှာလည်း လက်နက်ကြီးကျ တယ်လို့ပြောနေကြတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် မြစ်ကမ်းဘေး ထိခိုက်မှုအခြေအနေများကို အသေးစိတ်မသိရသေးပါ။

ထို့အပြင် သင်္ဘောသည် ရွှေကူမြို့အတွင်းမရောက်မှီ စစ်ကောင်စီ လေယာဉ်တစ်စီး မြို့အနီးတဝိုက် နှင့် ရေကြောင်းတစ်လျှောက် ပျံဝဲခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်း၏စစ်ရိက္ခာနှင့် အင်အားများကို ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်သို့ သယ်ဆောင်နေပြီး KIA က ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button