စစ်ပြေးဒုက္ခသည်များသတင်း

မုံးကိုး စစ်ရှောင်များ ရိက္ခာသယ်ယူခွင့်မရသဖြင့် ရက်ပိုင်းအတွင်း အစားအသောက်ပြတ်လပ်တော့မည်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာပို့ဆောင်ပေးရန် အာဏာသိမ်းစစ်တပ်မှ တားဆီးပိတ်ပင်သောကြောင့် အစားသောက်နှင့် ဆေးဝါးအခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ရှောင်ပြည်သူတစ်ဦးထံမှ သိရသည်။

ယခုလဆန်းပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် MNDAA ကိုးကန့်တပ်တို့ကြား တိုက်ပွဲကြောင့် မန့်ယန် နှင့် ဘန်မွေးကျေးရွာများမှ စစ်ရှောင်များသည် တရုတ်နယ်စပ်သို့ ထွက်ပြေးနေသည်မှာ ၁ ပတ်ကျော်လာပြီဖြစ်ပြီး ၎င်းတို့အတွက် မုံးကိုးဘက်မှ သယ်ဆောင်လာသော ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာမှန်သမျှကို အာဏာသိမ်းစစ်တပ်က လမ်းတွင် ဖြတ်သွားခွင့်မပြုပဲ ပိတ်ပင်ထားကြောင်း စစ်ရှောင်များက ပြောသည်။

“စစ်တပ်က ဘာကြောင့် ရိက္ခာတွေ မသယ်ခိုင်းဘူးဆိုတာကျနော်တို့လည်း သေချာမသိဘူး။ မဖြတ်ခိုင်းဘူး ဆိုတာလောက်ပဲသိတယ်။ ကျတော်တို့မှာ အခုလောလောဆယ်က ၄၊ ၅ ရက်လောက်စားဖို့ပဲ ရှိတော့တယ်။ အဲ့ဒါကုန်ရင်တော့ ဘယ်လိုဖြစ်ဖြစ်ကြိုးစားပြီး နည်းလမ်းရှာပြီး မရှာစားရင်တော့မရတော့ဘူး။ ကလေးတွေ ၊ လူကြီးတွေ ဖျားတာ နာတာတွေရှိလည်းရှိတော့ ကျတော်တို့မှာ ဘာဆေးဝါးမှလည်း မရှိဘူး။ အားလုံးဖျားတာများလာမှာကိုပဲ စိုးရိမ်နေရတယ်။” ဟု တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေသူ စစ်ရှောင်ပြည်သူတစ်ဦးက KNG ကိုပြောသည်။

ထိုသို့ ပိတ်ပင်မှုကြောင့် လက်ရှိထွက်ပြေးနေသော မန့်ယန် နှင့် ဘန်မွှေးကျေးရွာများမှာ စစ်ရှောင် ၁၇၀ ခန့်သည် လာမည့်ရက်ပိုင်းအတွင်း စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်ကာ အသက်အန္တရင်ဆိုင်ရတော့မည်ဟု ဆိုသည်။

သြဂုတ် ၃ ရက်နေ့မှစပြီး မုံးကိုးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဖောင်းဆိုင်ဒေသ မန်ယန်နှင့်ဘန်မွေး ဒေသခံများသည် တရုတ်နယ်စပ်သို့ ထပ်မံ ထွက်ပြေး ခိုလှုံနေရခြင်း ဖြစ်သည်။

၎င်းတို့ကို တရုတ်နိုင်ငံဘက်မှလည်း လက်ခံခြင်းမရှိသောကြောင့် နယ်စပ်တွင်သာ ဝါးတဲပြုလုပ်ကာ ခိုလှုံနေရကြောင်း သိရသည်။

Show More

Related Articles

Back to top button