တိုက်ပွဲသတင်း

စစ်ကောင်စီ နှင့် ကိုးကန့်တပ် ပစ်ခတ်မှု ဘုရားကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်

ရှမ်းမြောက် ပန်ဆိုင်း (ကြူကုတ်) မြို့တွင် ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခရစ်ယာန် ဘုရားကျောင်းဝင်းတွင် လက်နက်ကြီး ၂ လုံးကျရောက်ခဲ့သည်ဟု သိရသည်။

“၁၂၀ မမ ၂ လုံး ကျတာပေါ့လေ။ ရေချိုးတဲ့နေရာ နေတိုင်ဂီအနားမှာကျတယ်။ အဲကနေ လက်နက်ငယ်အသံတွေ ဆက်တိုက်ကြားရ။ ဘုရားကျောင်းဘေးက ကိုယ်ပိုင် ကွာရန်တင်းဝင်နေတဲ့ တရုတ်အမျိုးသမီးတစ်ယောက်တော့ ထိထားတယ်။ ကိုးကန့်တပ်ဖွဲ့က စစ်တပ်စခန်းကို သွားပစ်တဲ့သဘော။” ဟု ဘုရားကျောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားချိန် ကျရောက်ခဲ့သောကြောင့် မည်သည့်အဖွဲ့က ပစ်ခတ်ကြောင်းကို တိတိကျကျ မသိရကြောင်း သူက ဆိုသည်။

“အသင်းသားတွေကိုလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့၊ ရိက္ခာစုဆောင်းထားဖို့ ပြောထားတယ်။ အသင်းသားတွေကတော့ တိုက်ပွဲဖြစ်လာပြီဆို ဘုရားကျောင်းမှာပဲ စုနေကြလေ။ အခု ဘုရားကျောင်းမှာ လက်နက်ကြီးပြန်ကျတော့ မလုံခြုံတော့ဘူး။ ညပိုင်း ဆက်ပြီး ပစ်ခတ်မှုဖြစ်ရင်တော့ စိုးရိမ်စရာကောင်းတာပေါ့။” ဟု သူက ဆက်ပြောသည်။

ရှမ်းမြောက် မူဆယ်ခရိုင် တရုတ်နယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့ကြား ယခုလဆန်းပိုင်းမှစတင်ပြီး တိုက်ပွဲ ပြင်းထန်နေသောကြောင့် ပန်ဆိုင်းမြို့ ကျေးရွာအချို့မှ ကချင်ဒေသခံများမှာ နယ်စပ်တွင် မိုးကာတဲဖြင့် ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။

Show More

Related Articles

Back to top button