တာပိန်မြစ်ကြောင်းတစ်လျှောက် ကျေးရွာများ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းရန် သတိပေးချက် ထုတ်ပြန်

မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ်စစ်တွင် ရေများမြင့်တက်လာသဖြင့် ရေလွှတ်ချမည်ဖြစ်သောကြောင့် မြစ်ကြောင်းတစ်လျှောက် မိုးမောက်နှင့် ဗန်းမော်မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာများအနေဖြင့် ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်း နေထိုင်ကြပါရန် သက်ဆိုင်ရာ ယနေ့တွင် လိုက်လံ ကြေညာနေကြောင်း သိရသည်။
“ယခုအခါ တာပိန်ရေးအားလျှပ်စစ်မှ ရေများဖောက်ထုတ်ရန်အတွက် ယခုမြင်တွေ့နေရသော ရေထက် ၄ ဆက်မြင့်တက်မည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အရေးကြီး ပစ္စည်းများကို လေးစားစွာဖြင့် သတိပေးအပ်ပါသည်” ဟု ယနေ့ ဗန်းမော်မြို့တွင် သက်ဆိုင်ရာက အော်လံဖြင့် လိုက်လံ သတိပေးခဲ့သည်။
ယခုရက်ပိုင်း တာပိန်အထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမူကြောင့် တာပိန်ရေလှောင်ကန်သည် သတ်မှတ်ရေအမှတ်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တာပိန်ရေလှောင်ကန်မှ ရေဖောက်ချပြီး ၁၀နာရီအတွင်း ဗန်းမော်မြို့သို့ရောက်ရှိနိုင်သဖြင့် ပြည်သူများအနေဖြင့် သိမ်းဆည်းသင့်သည်များကို သိမ်းဆည်းထားရန် မိုးလေဝသ ဌာနကလည်း ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ၏ ဩဂုတ် ၁၉ ရက် နေ့လည် ၁၂နာရီ တိုင်းထွာချက်အရ ဗန်းမော်တွင် ၉၈၈ စင်တီမီတာရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ရောက်ရန် အနည်းငယ်သာ လိုတော့ကြောင်း သိရသည်။
ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်သည်။
ထို့အပြင် ဗန်းမော်မြို့အထက်ပိုင်း မြစ်ကြီးနားမြို့ မှကျဆင်းလာသော မြစ်ရေရောက်ရှိလာခြင်းနှင့် တာပိန်မြစ်ရေ စီးဝင်မှုတို့ကြောင့် သာမန်ထက်မြစ်ရေ မြင့်တက်မှု ပိုမြန်နိုင်ကြောင်း ပြည်နယ်မိုးလေဝသက ဖော်ပြထားပါသည်။