စစ်ပြေးဒုက္ခသည်များသတင်း

တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသော တန်ဂျာဒေသခံများ နေရပ်ပြန်

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော တန်ဂျာဒေသခံများမှာ တိုက်ပွဲသံငြိမ်သွားပြီဖြစ်သောကြောင့် နေအိမ်သို့ပြန်ကြပြီ ဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ နှစ်ဖက်တပ်စောင့်ကြည့်ကာ စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း တောင်ယာလုပ်ငန်းဆက်လက်လုပ်ကိုင်ရန်လိုအပ်သောကြောင့် နေရပ်ပြန်ရခြင်းဖြစ်သည်ဟု တန်ဂျာဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“ထွက်ပြေးတဲ့ ဒေသခံတွေက မနေ့ညနေ အားလုံးနီးပါးလောက် နေရပ်ပြန်လာကြပြီ။ ဒီမနက်လည်း တစ်ချို့ပြန်လာကြတယ်။ ပြန်လာကြတယ် ဆိုပေမယ့် စိုးရိမ်းစိတ်တွေတော့ရှိကြတာပေါ့။ တစ်ဖက်မှာက တစ်ရွာလုံးနီးပါက တောင်ယာလုပ်ငန်း လုပ်ကိုင်ကြတယ်။ ဒါကို ပစ်ထားလို့မရဘူး။ အားလုံးက တောင်ယာလုပ်ငန်းကို ဘဲမှီခိုကြတယ်။ အခုတောင်မှ ၂ ပတ်လောက် နောက်ကျသွားပြီ” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ တန်ဂျာကျေးရွာအနီး မုန်ညက်ခ (Mung Nyak Hka) တွင် စစ်ကောင်စီကို KIA က တိုက်ခိုက်လိုက်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများပစ်ခတ်သောကြောင့်  တန်ဂျာကျေးရွာဒေသခံ ၄၀၀ ကျော်သည် ၎င်းတို့ ကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသော လုံရှာယန်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

တန်ဂျာကျေးရွာတွင် အာဏာသိမ်းစစ်တပ်ဘက် အင်အား ၃၀ ဝန်းကျင်ခန့်က လူနေအိမ်များတွင် တပ်စွဲနေထိုင်ခဲ့သောကြောင့် ၁ ပတ်နီးပါးခန့်အကြာ တိမ်းရှောင်ခဲ့ပြီးမှ နေရပ်ပြန်လာခဲ့ကြောင်းသိရသည်။

ကျေးရွာတွင် တပ်စွဲခဲ့သော စစ်တပ်များမှာ ဩဂုတ်လ ၃၀ ရက်နေ့တွင် ဆွမ်ပီယာန်ကျေးရွာဘက်သို့ ထွက်ခွာသွားလိုက်သဖြင့် ပြန်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

မြစ်ကြီးနား ပူတာအိုလမ်းမပေါ်ရှိ အဆိုပါကျေးရွာများတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ အချိန်မရွေး ဆက်ဖြစ်နိုင်ကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

Related Articles

Back to top button