ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ ဖောင်းဆိုင်တွင် ယနေ့ နံနက်ပိုင်းက ကိုးကန့် MNDAA တပ်စခန်းကို စစ်ကောင်စီက သွားရောက် ပစ်ခတ်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကောင်စီက ကိုးကန့်တပ်တွေ ရှိတဲ့ ဆုတောင်းတောင်ကို သွားပစ်တာ။” ဟု ဖောင်းဆိုင်ဒေသခံ တစ်ဦးက KNG ကို ပြောပါတယ်။
“ဩဂုတ်လ ၃၀ ရက်နေ့တော့ ဘန်ဆွတ်ဘက်၊ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့တော့ ကျွန်တော်တို့ ဖောင်းဆိုင်နားမှာ တစ်နာရီလောက်ကြာ တိုက်ပွဲ ဖြစ်တယ်။” ဟု သူက ဆက်ရှင်းပြသည်။
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဖောင်းဆိုင် လရှပ်ရွာဘက်ထိ တပ်ဆုတ်သွားပြီးနောက် ညနေပိုင်း ထိုနေရာတွင် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်က သေဆုံးသူ ၈ ဦးထက်မနည်း ရှိခဲ့ကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိကြောင်း ကိုးကန့်ဘက်က ပြောသည်။
“စက် တင်ဘာလ (၁) ရက်နေ့နံနက် ၀၉ နာရီတွင် MNDAA တပ်မှ ၎င်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်များကို ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ပြီး တောင်ကုန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ် (၈) ဦးကို ချေမှုန်းနိုင်ခဲ့ ပြီး MNDAA ဘက်မှ (၃) ဦးသာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိကာ လက်နက်ပစ္စည်းအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။” ဟု ယနေ့ ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။
လက်ရှိ ထိုနေရာတွင် ကိုးကန့် MNDAA နှင့် စစ်ကောင်စီက စစ်အင်အားဖြင့် ရှိနေသောကြောင့် တိုက်ပွဲဆက်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။
“ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကိုယ့်ရွာမှာ ကိုယ်ပဲ နေနေကြတယ်။ ခု ဒီမနက် တိုက်ပွဲ ဖြစ်တုန်းကလည်း ဘယ်မှ မထွက်ပြေးတတ်တော့လို့ ဒီလိုပဲ နေနေကြတယ်။ ကိုးကန့်ဘက်က စစ်ကောင်စီ တပ်ကို သွားပစ်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ရွာမှာပဲ ရှိနေတာ။” ဖောင်းဆိုင်ဒေသခံ တစ်ဦး က ရှင်းပြသည်။
သြဂုတ်လ ၂၈ ရက်နေ့ ကနေ ဩဂုတ်လ ၃၁ ရက်ရက်နေ့အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက် အနည်းဆုံး ၈၀ ကျော်သေဆုံးပြီး ကိုးကန့်ဘက် ၂ ဦးသေဆုံးကြောင်း ဖော်ပြထားသည်။ ထိုတပ်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲကြောင့် မုံးကိုး နမ်ဟာ ကျေးရွာရှိ အရပ်သားပြည်သူ ၄ ဦးမှာ လက်နက်ကြီး ထိမှန်ကာ သေဆုံးကြောင်း သိရသည်။
Bum Shep