စစ်ပြေးဒုက္ခသည်များသတင်း

စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာမှုကြောင့် မုံးကိုး နော့ဂူရွာသားများ ထွက်ပြေးရန် နေရာပြင်ဆင်နေရ

မုံးကိုးမြို့နယ် နော့ဂူအုပ်စု၊ နော့ဂူဒေသခံများမှာ စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ကျေးရွာတွင် ဆက်လက်နေထိုင်ရန် မလုံခြုံတော့သဖြင့် နေရာအသစ်တွင် စစ်ရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်ရှောင်တွေ နောက်တစ်ခေါက် ပြန်ရွှေ့ဖို့ ပြင်နေတယ်။ တရုတ်နိုင်ငံ နယ်စပ်။ ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု နေရာပြင်ဆင်နေကြတာခု။ တဲဆောက်တဲ့သူကဆောက်။ တောရှင်းတဲ့သူကရှင်း နဲ့ ကြိုးစား ပြင်ဆင်နေပါတယ်။” ဟု လက်ရှိ စစ်ရှောင်တစ်ဦးက ပြောသည်။

စစ်ရှောင်ရန် ပြင်ဆင်နေသူများမှာ အိမ်ခြေ ၅၀ ကျော်ရှိ နော့ဂူကျေးရွာသားများဖြစ်ပြီး အမျိုးသမီးများ ကျေးရွာတွင်ကျန်နေခဲ့ကာ အမျိုးသားများသည် စစ်ရှောင်စခန်းအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

၎င်းတို့ ကျေးရွာအနီးတွင် ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့အကြားတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်တစ်နေရာတွင် ထွက်ပြေးရန် စခန်းတည်ဆောက်နေခြင်းဖြစ်သည်။ တိုက်ပွဲငြိမ်သက်နေသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်သော်လည်း ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်သောကြောင့် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“၃၁ ရက်နေ့ တိုက်ပွဲ ဖြစ်ကတည်းက ခုထိ ငြိမ်တော့ ငြိမ်နေတယ်။ ဒါပေမယ့် ရွာသူရွာသားတွေက အိမ်ပြန်ဖို့ ကြောက်လန့် စိုးရိမ်နေကြလို့ ဒီလို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။” ဟု ရွာခံတစ်ဦးက ရှင်းပြသည်။

ရှမ်းမြောက် တရုတ်နယ်စပ် မုံးကိုးမြို့နှင့် ပန်ဆိုင်း (ကြူကုတ်) အနီး တိုက်ပွဲများကြောင့် ဒေသခံထောင်ကျော် စစ်ရှောင်နေရဆဲဖြစ်ကာ လက်နက်ကြီးကြောင့် သေဆုံးသွားသော ပြည်သူ ၆ ဦး ရှိပြီ ဖြစ်သည်။

Bum Shep

Show More

Related Articles

Back to top button