တိုက်ပွဲသတင်း

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ သို့ ဦးတည်ကာ တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၃၀ ကျော် ပါဝင်သောယာဉ်တန်းသည် စက်တင်ဘာ ၁၆ ရက်ည ပန်ဆိုင်း(ကြူကုတ်) မြို့တွင် ရောက်ရှိလာပြီဟု ဒေသခံများပြောသည်။

“ဘော်လုံးကွင်းမှာ စစ်ကားတွေ နားနေကြတယ်။ တင့်ကားတော့ စစ်တပ်ထဲမှာ။ စစ်ကား အစီး ၃၀ ကျော်။ ခု နောက်ထပ် Vego နဲ့ ၆ စီး။ Vego ထဲကစစ်သားတွေက အရက် အရမ်းမူးနေကြတယ်။” ဟု ပန်ဆိုင်း(ကြူကုတ်) ဒေသခံ တစ်ဦးပြောသည်။

ဒေသခံများ၏ သုံးသပ်ချက်အရ စစ်ကားများကို ပန်ဆိုင်းမြို့တွင်ချန်ထားခဲ့ပြီး တင့်ကား ၂ စီးဖြင့်သာ စစ်သားများ ခြေကျင်ဖြင့် မုံးကိုးအထိ သွားရန် ပြင်ဆင်နေကြောင်း ပြောဆိုနေကြသည်။

အဆိုပါ တင့်ကား ၂ စီးထားရန် မြေနေရာကို ဘူဒူဇာဖြင့် ပြင်ဆင်ထားကြောင်း ဖောင်းဆိုင်ဒေသခံတစ်ဦးက ပြောသည်။

“နေရာ ပြင်ထားပြီးသား။ ဖောင်းဆိုင်ဆုတောင်းတောင်ကို နှစ်ခါ လာတိုက်ပြီ။ မရလို့ ခု ဒါစောင့်နေတာထင်တယ်။” ဟု ဖောင်းဆိုင် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့်သာပါပြီး တာမိုးညဲပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်ဆေးပြည်သူ့စစ်၊ ကျင်းစန်းကျော့ ပြည်သူ့စစ်များပါဝင်ကြောင်း မူဆယ် ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ ည ၁၀၅ မိုင်မှာ လာနားတဲ့သူတွေ မူဆယ် ဗိုလ်တည်းကုန်းနဲ့ စုပေါင်းရုံး အဲဘက်လာနားပြီး ဒီညနေ သုံးနာရီခွဲဝန်းကျင်ချိန်ခန့်က ၁၀၅ မိုင်ဘက် ချက်ချင်း ပြန်လှည့်သွားပြီ။ တင့်ကား နှစ်စီးပါတယ်။ မနေ့က ၁၀၅ မိုင်မှာ ဝင်တဲ့ စစ်ကားက ၄၄ စီး။” ဟု မူဆယ် ဒေသခံ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၃ ရက်နေ့ကစ စက်တင်ဘာ လဆန်းပိုင်းအထိ ပန်ဆိုင်း(ကြူကုတ်) နှင့် မုံးကိုး ဖောင်းဆိုင်ဘက်တွင် စစ်ကောင်စီ နှင့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ကာ အရပ်သား ပြည်သူ ၆ ဦးလည်း သေဆုံးခဲ့သည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော်မှာ မြို့ပေါ်နှင့် တရုတ်နယ်စပ်တွင် မိုးကာတဲဖြင့် ခိုလှုံနေကြသည်။

Bum Shep

Show More

Related Articles

Back to top button