တိုက်ပွဲသတင်း

အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို နေရာ ၃ ခုတွင် MNDAA တိုက်ခိုက်

မြန်မာ-တရုတ် နယ်စပ် ပန်ဆိုင်း (ကြူကုတ်) မြို့ ၊ မုံးကိုးမြို့ နှင့် လွယ်ဂျုံတောင် စသည့်နေရာ ၃ ခုတွင် ယနေ့ နံနက်ပိုင်းက စတင်ပြီး စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြန်လည်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၈ ရက် ယနေ့ နံနက် ၈ နာရီမှ စတင်ပြီး ပန်ဆိုင်း (ကြူကုတ်)မြို့အထွက် ဖိုင်ကောင်းရွာ နှင့် နမ့်ဟူးရွာကြား၊ မုံးကိုးမြို့အနီး နော့ဂူရွာ နှင့် နမ့်ဆူရွာကြား၊ လွယ်ဂျုံတောင် စသည့် နေရာများတွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

“အသံကြားနေတယ်။ အခုလက်ရှိကို ဖြစ်နေတယ်။ ကျွန်တော်တို့က စစ်ရှောင်စခန်းဘက်ရောက်နေပြီ။ ရွာမှာ မနေတော့ဘူး။ ရွာမှာ ပိတ်မိနေတဲ့ သူတွေ ရှိနေသေးတယ်။” ဟု နေ့လည် ၁၂ နာရီကျော်ထိ တိုက်ပွဲ ပြင်းထန်ဆဲဖြစ်ကြောင်း နမ့်ဆူ ရွာခံ တစ်ဦးက‌ ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံတချို့မှာ ဘေးလွတ်ရာကို မထွက်ပြေးနိုင်သေးဘဲ ပိတ်မိနေဆဲ ဖြစ်သည်ဟု သိရသည်။

ယခု တိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီ စစ်ကြောင်းမှာ စက်တင်ဘာ ၁၆ ရက်ညနေပိုင်းက တင့်ကားအပါအဝင် စစ်ကား ၄၀ ကျော်ဖြင့် ပန်ဆိုင်းမြို့သို့ ရောက်ရှိလာသောအဖွဲ့ဖြစ်သည်ဟု သိရပြီး အဆိုပါ စစ်ကားများကို ပန်ဆိုင်းမြို့တွင်ချန်ထားပြီးနောက် ခြေကျင်ဖြင့် မုံးကိုးသို့ ဆက်လက်ချီတက်လာခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

“ဒီ ပန်ဆိုင်းဘက်က စဖြစ်တာက ဒီမနက် ၈ နာရီခွဲ လောက်ကစဖြစ်တာ ကြိုကြား ကြိုကြား ဖြစ်တာနဲ့ ဆိုရင် ၁၁ နာရီ ၄၅ လောက်ထိ ဖြစ်တယ်။ ကားနဲ့ တင့်ကား မပါဘူး ခြေလျင်” ဟု ပန်ဆိုင်း အနီးနားက ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲများတွင် TNLA နှင့် AA တပ်ဖွဲ့များ ပါဝင်သည်ဟု ဒေသခံများ ပြောဆိုနေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။

ရှမ်းမြောက် တရုတ်နယ်စပ် ပန်ဆိုင်း(ကြူကုတ်) ၊ မုံးကိုးမြို့ ဖောင်းဆိုင်းစသည့်နေရာများတွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကစတင်ပြီး စက်တင်ဘာလ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။

အဆိုပါတိုက်ပွဲများအတွင်း ဩဂုတ်လ ၂၈ ရက်ကနေ ဩဂုတ်လ ၃၀ ရက်နေ့အထိ ၃ ရက်သာ ပြင်းထန်တိုက်ပွဲတွင်ပင် ကိုးကန့် MNDAA ဘက်မှ ၂ ဦး ကျဆုံးပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၈၀ ကျော် ကျဆုံးကြောင်း ကိုးကန့်သတင်းနဲ့ ပြန်ကြားရေးဌာနဘက်မှ သိရသည်။

ထို့သို့ ၂ ပတ်သာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၆ ရက်ညနေပိုင်း စစ်ကောင်စီ တင့်ကား ၂ စီးအပါအဝင် စစ်အင်အား ရာချီပါဝင်သော စစ်ကြောင်းသည် ပန်ဆိုင်းမြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းကစတင်ပြီး တရုတ်မြန်မာ နယ်စပ် ပန်ဆိုင်းမြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲတို့တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာနေခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ပန်ဆိုင်း မြို့နယ်ခွဲ နှင့် မုံးကိုးမြို့နယ်ခွဲရှိ စစ်မြေပြင်ဖြင့် နီးကပ်သော ကျေးရွာပေါင်း ၁၀ ခုမှ ဒေသခံ ၂၀၀၀ ကျော် မှာ လက်ရှိတွင် နယ်စပ်တွင် ယာယီတဲများဖြင့် ထွက်ပြေးခိုလှုံနေရဆဲဖြစ်သည်။

Bum Shep

Show More

Related Articles

Back to top button