သတင်း

စစ်ကောင်စီ မိုင်းကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး နင်းမိ သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီ ထောင်ထားတဲ့မိုင်း ဒေသခံတစ်ဦး နင်းမိကာ စက်တင်ဘာ ၂၅ ရက် နေ့လည် ၁၂ နာရီခန့်က သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒါလည်း ဒီနေ့ ဖောင်းဆိုင်ဘက် အရပ်သား ပြည်သူကို ထိတာ။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က။ ဖောင်းဆိုင်ဘက်က စစ်ကောင်စီတပ်တွေ သွားထောင်ထားတဲ့ မိုင်းကို အရပ်သားပြည်သူက သွားနင်းမိတာ။ မနေ့ကပဲ မိုင်းထောင်ထားတာ။ မနေ့ကပဲ မိုင်းထောင်ထားလို့ မနေ့ညပဲ ရွာကလူတွေကို လမ်းသေးတွေ၊ လမ်းမတွေဘက် မသွား မလာဖို့ စစ်ကောင်စီက လိုက်ပြောထားတာ။ သူက မှို သွားရှာတာ မိုင်းနင်းမိတာ။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

မိုင်းနင်းမိ သေဆုံးသွားသူက အသက် ၄၀ ကျော်ခန့်ရှိ တရုတ်လူမျိုး အမျိုးသားတစ်ဦး ဖြစ်ပြီး ဖောင်းဆိုင်ရွာခံဖြစ်ကာ တောထဲ မှိုထွက်ရှာတာကြောင့် မိုင်းနင်းမိသေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

မုံးကိုး ဖောင်းဆိုင်ဒေသတွေမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက ကျေးရွာအတွင်းကနေ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံးကိုးမြို့အနီး နော့်ဂူ ကျေးရွာဘက်မှာလည်း စက်တင်ဘာ ၂၃ ရက်နေ့ခန့်ကစ စစ်ကောင်စီဘက်က ရွာအတွင်းနေထိုင်ပြီး သေနတ်ရမ်းသမ်းပစ်ခတ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။

မုံးကိုး ဖောင်းဆိုင်ဒေသဘက် ဇူလိုင်လ ၃ ရက်နေ့ကစ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်းယန်နဲ့ ဘန်မွေးရွာ တို့မှ ပြည်သူ ၁၇၀ ကျော် တရုတ်နယ်ခြားစည်းရိုးဘက်မှာ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ၁၀၅ မိုင် အောက်နမ့်ဟွယ်ရွာက မိုင်တဲတာဝါတိုင် လာပြင်တဲ့ ဝန်ထမ်းတစ်ဦးဟာ တာဝါတိုင်အနီးမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိ ဒဏ်ရာ ရရှိခဲ့ပါတယ်။

Bum Shep

Show More

Related Articles

Back to top button