လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ပင်လည်ဘူးမြို့၊ ကောလင်းမြို့၊ ဝန်းသို မြို့နယ် (၃) ‌ခု အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများ ထပ်မံဖြတ်တောက်ခံရ

စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းနယ်ဖြစ်သော ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို စသည့် မြို့နယ် (၃)ခုကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းကစတင်ပြီး မိုဘိုင်းအင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားကြောင်း သိရသည်။

“ခုလောလောဆယ် ဖုန်းတွေလည်း ဘယ်လိုင်းမှ ဆက်လို့မရဘူး၊ ဒီမနက် ၆နာရီကတည်းက ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော မရတော့ဘူး” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။

လက်ရှိ ပေးပို့လာသည့် သတင်းများအရ Mytel ၊MPT ၊Ooredoo ၊ Telenor နှင့် wifi လိုင်းများအား အင်တာနက်ဖြတ်တောက်ခံထားရသည့် အပြင် ဖုန်းလိုင်းများမကျန် ဖြတ်တောက်ခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အဆိုပါ ၃ မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြီးကြပ်သော ဒေသခံ PDF တို့က စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အနည်းဆုံး ၄၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ခဲ့သည်။

ထို့ကြောင့် စက်တင်ဘာ ၂၆ ရက်နေ့က စတင်ပြီး အဆိုပါ ၃ မြို့နယ်ကို စတင်ပြီး အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည်ဟု ဒေသခံများပြောသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီနှင့် ဒေသခံ PDF တို့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ ၎င်းတို့ အထိနာသော ဒေသများတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသောကြောင့် လက်ရှိ စစ်ကိုင်းတိုင်းအတွင်း အင်တာနက်ဖြတ်တောက်ခံရသော မြို့နယ် ၁၀ ခုရှိလာပြီ ဖြစ်သည်။

ယင်းမြို့များမှာ အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ဘ ုတလင်၊ ရေဦး၊ ဝက်လက်စသည့် မြို့နယ်များအား စက်တင်ဘာလ ၁၄ရက် ညနေ (၂)နာရီဝန်းကျင်မှ ဖြတ်တောက်ခဲ့ပြီး၊ ကောလင်း၊ဝန်းသို၊ ပင်လည်ဘူး မြို့များအား စက်တင်ဘာလ ၂၆ရက်နေ့တွင် ထပ်မံဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button