သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် ပူတာအို ပြန်လာမည်ဟု သတင်းထွက်ပေါ်နေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လကုန်ပိုင်းအတွင်း ပူတာအိုသို့ လာရောက်မည်ဟုသတင်းများထွက်ပေါ်နေကြောင်း ဒေသတွင်း သတင်းများထွက်ပေါ်နေသည်။

စက်တင်ဘာလ မကုန်မှီ ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူး ၃ နေရာသို့ လာရောက်မည်ဖြစ်သောကြောင့် တပ်တွင်းပြင်ဆင်မှုများ ရှိနေကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“စစ်ကောင်စီ ဥက္ကဌ လာဖို့ရှိတယ်လို့ ကြားတယ်။ ဒီလမကုန်ခင်တဲ့။ သူတို့ရဲ့စစ်တပ်အတွင်းနဲ့ လုံခြုံရေးကအစ ပြင်ဆင်နေတယ် လို့ကြားတယ်။ ပြီးရင် ပူတာအိုဒေသမှာရှိတဲ့ ရပ်မိရပ်ဖတွေနဲ့ လာရောက်တွေ့ဆုံဖို့လည်းရှိတယ်တဲ့။ ရက်တော့အတိအကျမသိရ ဘူး” ဟု အမည်မဖောလိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်ရှိလာမည့် ပူတာအိုခရီးစဉ်တွင် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် လက်ရှိ နောင်မွန်နှင့် ခေါင်လန်ဖူး ဒေသ ပြည်သူ့စစ်လက်အောက်တွင် စစ်သင်တန်းတက်နေသော အဖွဲ့များနှင့်လည်း တွေ့ဆုံရန်လည်း စီစဉ်နေကြောင်းသူက ဆက်ဆိုထားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ဌာနေပြည်သူ့စစ်အဖွဲ့ ဦးဆောင်ပြီး နောင်မွန်နှင့် ခေါင်လန်ဖူးဒေသတွင် ယခုနှစ်အတွင်း ဒုတိယအကြိမ် စစ်သင်တန်းသင်ကြားပေးနေပြီး နောင်မွန်မြို့တွင် သင်တန်းသား ၁၀၀ ခန့် နှင့် ခေါင်လန်ဖူးတွင် ၂၀၀ နီပါးခန့် တက်ရောက်နေကြောင်းသိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာလ ၁၈ရက်နေ့ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး စက်တက်ဘာလ ၁၉ရက်နေ့တွင် ပူတာအိုဒေသို့ သွားရောက်ရန်စီစဉ်ခဲ့သော်လည်း လုံခြုံရေးအရ ပြောဆိုကာ အဆိုပါခရီးစဉ် ပျက်ပယ်သွားခဲ့ခြင်းဖြစ်သည်။

ပူတာအိုခရီးစဉ် ပျက်ပယ်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်က ပူတာအိုမြို့အတွင်း အခြေစိုက်ထားသော စစ်တပ်အဖွဲ့၊ နောင်မွန်မြို့ အနီးရှိ မဂွေဇပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးအဖွဲ့တို့ဖြင့်တွေ့ဆုံရန် စီစဉ်ခဲ့ကြောင်းသိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပူတာအိုခရီးစဉ်ပျက်ပယ်ခဲ့သော်လည်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးတို့က နေ့တွင်းချင်း မြစ်ကြီးနားတွင် လာရောက်တွေ့ဆုံခဲ့သည်ဟု နီးစပ်ရာထံမှ ပြန်လည် သိရသည်။

Show More

Related Articles

Back to top button