လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တဲ့ ၉ နှစ် အရွယ် ကလေး သေဆုံး

မုံးကိုးမြို့နယ် ပူဝမ်ကျေးရွာအုပ်စု မန်ခါးကျေးရွာမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တဲ့ ၉ နှစ်အရွယ်ကလေး မှာ ဆေးရုံမသွားနိုင်တဲ့အတွက် စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။

“ဆေးရုံကို သွားခေါ်သွားလို့ အဆင်မပြေဘူး။ မခေါ်သွားနိုင်ခဲ့ဘူး။ ကလေးက မနေ့ည သေဆုံးသွားပြီ။ ၉ နှစ် အရွယ် မာဘုံ။ ကလေးကိုတော့ မနေ့ညနေပဲ သင်္ဂြိုလ် လိုက်ပြီ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သံလွင်မြစ်အရှေ့ဘက် လောက်ကိုင်အခြေစိုက် စစ်ကောင်တပ်ဘက်က စက်တင်ဘာ ၂၇ ရက်ည ၁၀ နာရီခန့်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးသည် မန်ခါးရွာရှိ အရပ်သား ပြည်သူ နေအိမ်တစ်အိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မိခင် နဲ့ ကလေး ထိခိုက်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ကန့်သတ်ချက်နဲ့ ဒေသတွင်း စစ်ရေးတင်းမာမှု အခြေအနေများကြောင့် ဆေးရုံဆေးခန်း သွားလာရန် ခက်ခဲသဖြင့် မသွားနိုင်ခဲ့ကြောင်း ဆိုပါတယ်။

“အမေ ဖြစ်သူရဲ့ ခြေထောက်က ကျည်က ဒီနေ့မှ ထုတ်နိုင်မယ်။ သူတို့ဆီမှာ ဆရာဝန်ပါလာတယ်။ ကိုးကန့်တွေ” လို့ သူက ထပ်မံရှင်းပြပါတယ်။

အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဘက်က ကိုးကန့် MNDAA တပ်ရှိရာဘက်ကို အင်အားဖြည့် စစ်ကြောင်းတိုးမြင့်နေပြီး ပစ်ခတ်တိုက်ခိုက်မှုများလည်း နေစဉ်နီးပါး ဖြစ်ပွားနေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲများကြောင့် မုံးကိုးမြို့နယ်နဲ့ ပန်ဆိုင်း မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိနေပြီး လက်နက်ကြီးကျည်ကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး၊ မိုင်းနင်းမိခြင်းကြောင့် သေဆုံးသွားသူ ၁ ဦး ရှိပြီ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထပ်ဆင့် ခံစားနေရလို့ ကူညီထောက်ပံ့မှု အလွန်လိုအပ်နေကြောင်းလည်း သိရပါတယ်။

Show More

Related Articles

Back to top button