တိုက်ပွဲသတင်း

မိုးမောက်တွင် စစ်ကောင်စီ ကား ၂ စီး မိုင်းခွဲ တိုက်ခိုက်ခံရ

ဗန်းမော်ခရိုင် မိုးမောက်မြို့အဝင် စာသင်ကျောင်းရှေ့တွင် အာဏာသိမ်းစစ်ကောင်စီ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ ညနေပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ ၄နာရီခွဲဝန်းကျင်က မိုးမောက်မြို့နယ် ကျောက်စခန်းလမ်းဘက်မှ စစ်ကား ၂စီးဖြင့် စစ်အင်အား ၅၀ ခန့် မိုးမောက်ဘက်သို့ဆင်းလာခဲ့ရာ KIA က မိုင်း ၂ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မိုးမောက်ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဖြစ်တာက ၄ နာရီ ၄၅မိနစ်လောက်မှာ ဟုတ်တယ်။ စိန်လုံ ဘက်က ပြန်လာတာဟုတ်တယ်။ KIA က မြို့အဝင်တံတား နားမှာဘဲ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ သေနတ်သံ လက်နက်ကြီးသံတွေက နာရီဝက်လောက်ကြားရတယ်။ သူတို့ရဲ့ ထိခိုက်မှုအခြေအနေ က အသေးစိတ်မသိရဘူး။ စစ်ကောင်စီဘက်ကတော့ ထိခိုက်ဖို့များမယ်ထင်တယ်” ဟု ပြောဆိုသည်။

KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ထိုနေရာတွင် နာရီဝက်ခန့်ကြာ သေနတ်သံများကြားရပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့ များသည် မိုးမောက် လမ်းမကြီးတစ်လျှောက် လုံခြုံရေးတပ်များချထားကာ စစ်ကား ၉ စီးပေါ်တွင် စစ်ရိက္ခာများနှင့် စစ်အင်အား ၁၀၀ ခန့် သယ်ဆောင်ကာ စိန်လုံဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါစစ်ကားများ စိန်လုံဘက်သို့ စစ်ရိက္ခာသွားပို့ခဲ့ပြီး ယနေ့ညနေ ပြန်ခေါက်လာခဲ့ရာမှ KIA ၏ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မိုးမောက်ဒေသခံများပြောဆိုချက်မှ သိရသည်။

မိုးမောက်မြို့နယ်တွင် ပြီးခဲ့သော အောက်တိုဘာလ ၅ရက်နေ့ကလည်း ဒါ့ဆိုင်းကျေးရွာအနီး ဗန်းမော်ဘက်မှ တက်လာသည့် စစ်ယာဉ်တန်း ၁၆စီး ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၃စီးထက်မနည်း ထိခိုက်ပျက်စီးသွားခြင်း ဖြစ်သည်။

ထို့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း မိုးမောက်မြို့ နယ်မြေခံ ခမရ ၄၃၇တပ်ရင်းမှ စစ်အင်အား ၁၀၀ ကျော်ခန့်က မိုးမောက်မြို့နယ် လုံဂျာကျေးရွာအုပ်စု ကျောက်စခန်းဘက်သို့ စစ်အင်အားတိုးချဲ့လာခဲ့သောကြောင့် KIA က တိုက်ခိုက်ခဲ့ပါသေးသည်။

Show More

Related Articles

Back to top button