လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မုံးကိုးတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း ဒေသခံ ‌တွေဆီက သိရပါတယ်။

မုံးကိုးမြို့က စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ကိုးကန့် MNDAA အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ ပြီးနောက် စစ်ကောင်စီဘက်က မုံးကိုးမြို့ အနီးနားဝန်းကျင်ကို လက်နက်ကြီးနဲ့ မရပ်မနား ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ မျက်မြင် ဒေသခံ ၁ ဦး က ပြောပါတယ်။

လက်နက်ကြီး ကျရောက်ထိမှန်တာကြောင့် နေအိမ် ၂ အိမ်ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပြီး ၎င်းတို့ ၆ ဦး ထဲက ၄ ဦး ဒဏ်ရာ ပြင်းထန်ကာ မူဆယ်ဆေးရုံပို့ထားရပြီး ၂နှစ် ၁၀ လ အရွယ် ကလေးငယ် ၁ ဦးက ဦးခေါင်းခွဲစိတ်ရမှာကြောင့် မန္တလးသို့ သွားရောက်ကုသရမှာ ဖြစ်တယ်လို့ ကူညီပေးနေသူ ၁ ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကတော့ ဦးရန်ကျုံး ၆၃ နှစ်၊ မရန်စီဖာ ၂ နှစ်၊ ဒေါ်ဆုမွေ ၆၁ နှစ်၊ ဒေါ်ဂလောင်းဝ်ယိမ်းဆောင် ၂၅ နှစ်၊ ဦးဂယာသား ၂၃ နှစ် နဲ့ မမရန်ဆိုင်းနန် ၂ နှစ် ၁၀ လ တို့ဖြစ်ပြီး ၅ ဦးက မိသားစု ၁ စု ထဲ က ဖြစ်ပါတယ်လို့ ဆိုပါတယ်။

“ဒါက စစ်ကောင်စီရဲ့ လက်နက်။ ဘာကြောင့် အဲလို ပြောလို့ရလဲ ဆိုတော့ သူတို့က ခု သူတို့နေတဲ့နားက ကုန်း၊ ကြံခင်းကနေ ကိုးကန့် MNDAA တို့ လာပစ်တယ်။ အဲဒါကြောင့် သူတို့ ကို ပြန်ပစ်တာ ကျည်က အဲဒီကို မရောက်ပဲနဲ့ အဲဒီကုန်းကလည်း အလယ်မှာ ကမူလေး ဖြစ်နေတယ်။ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကနေ ပစ်လိုက်တာ အဲဒီကုန်းကို မရောက်ပဲနဲ့  သူတို့ဆီမှာလာကျတာ။ ၄ လုံး လောက်လာကျတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ တရုတ်နဲ့ နယ်ခြားစည်းရိုးနဲ့ ကပ်လျက် မြန်မာဘက်ခြမ်းရှိ ရေချောင်းရဲ့ တဖက်ခြမ်းမှာ တဲထိုးတိမ်းရှောင်နေရပြီး ထပ်ရှောင်လာမယ့်လူတွေ ရှိသေးတယ်လို့ စစ်ရှောင် ၁ ဦးက ပြောပါတယ်။

ရွာမှာ စားစရာရိက္ခာတောင် ပြန်မယူရဲ ကြကြောင်းနဲ့ လက်ရှိ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း “စခန်းလာချတဲ့ စစ်ကြောင်းကသေနတ်သံ ကြားလာရင် တရွာလုံး မီးရှို့ ပစ်မယ်။ အားလုံးကို ပစ်သတ်လိုက်မယ်လို့ ခြိမ်းခြောက် ပြောတာ ကြာပြီ။ တိုက်ပွဲ မဖြစ်ခင် အဲလိုပြောတာ နှစ်ခါ သုံးခါရှိပြီ။ မနေ့က တိုက်ပွဲ ပြင်းထန်သွားတာကြောင့် အားလုံးက ကြောက်လန့်လို့ ထွက်ပြေးကြတာ။” ဟု ဒေသခံတစ်ဦးက ထပ်ပြောသည်။

ထွက်ပြေးတဲ့အချိန် ဆိုင်ကယ်စီးတဲ့ သူတွေကို လိုက်လံ ပစ်ခတ်တာကြောင့် တချို့က ဆိုင်ကယ်တွေကို လမ်းခုလပ်မှာ ပစ်ထားခဲ့ရပြီး စားစရာ မပါလာနိုင်လို့ ခက်ခဲ ဒုက္ခ‌ရောက်နေ ကြရကြောင်း သူက ပြောပါတယ်။

မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ဇူလိုင် လဆန်းကတည်းက စတင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖောင်းဆိုင်ဘက်မှာ စစ်ဘေးဒုက္ခသည် ၁၇၀ ကျော်၊ မုံးကိုး မြို့ပေါ်မှာ ၇၀၀ ကျော်၊ ယမန်နေ့ အောက်တိုဘာ ၁၂ ရက်‌နေ့က တရုတ်နယ်ခြားစည်း နားမှာ ၄၀၀  ကျော်နဲ့ နော့ဂူဘက်မှာလည်း တိုက်ပွဲအခြေအနေပါ်မူတည်ပြီး မကြာခဏ ရှောင်တိမ်းနေရပါတယ်။

အဆိုပါ နယ်စပ်တွင် ထွက်ပြေးနေသူများကိုလည်း ခြံစည်းရိုးနားထိ မကပ်ရန် တရုတ်ဘက်က မောင်းထုတ်မှုများရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် မုံးကိုး မြို့နယ်ခွဲ အတွင်း လက်နက်ကြီး ကျည်ထိမှန်သေဆုံးတဲ့ အရပ်သားပြည်သူ ၅ ဦး၊ ထိခိုက် ဒဏ်ရာရသူ ၉ ဦး၊ ရှပ်ထိ ၂ ဦး၊ မိုင်းနင်းမိ သေဆုံး ၂ ဦး၊ ဒဏ်ရာရသူ ၂ ဦး ရှိခဲ့ ပြီ ဖြစ်ပါတယ်။

​Bum Shep

Show More

Related Articles

Back to top button