သတင်း

ပြည်သူ့စစ်အဖွဲ့ အကျိုးအမြတ်ရနေသော ရွှေမှော်များကို KIA ပိတ်သိမ်းခိုင်း

တနိုင်း လီဒိုလမ်းမပေါ်  ရှဒူးဇွပ်ကျေးရွာအနီးရှိ ပြည်သူ့စစ်အဖွဲ့ စိုးမိုးကာ အကျိုးအမြတ်ရနေသော ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးကို အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန်ကြားထားသည်ဟု သိရသည်။

ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းအောက် စံပြကျေးရွာအခြေစိုက် ပြည်သူ့စစ်အဖွဲ့က ရွှေမှော်ဘက်သို့ သွားလာဖြတ်သန်းသည့် ပြည်သူများကို ဒဏ်ရာပြင်းထန်စွာရရှိအောင် ရိုက်နက်မှုများ ကျူးလွန်နေသည့်အပြင် လုပ်ငန်းရှင်များထံမှ အဆမတန် ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေသောကြောင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ထိုဒေသကို ကွပ်ကဲနေသည့် KIA ဘက်မှ တာဝန်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ရွှေမှော်ပိတ်ဖို့က အထက်အမိန့်နဲ့ပိတ်လိုက်တာဟုတ်တယ်။ လုပ်ငန်းရှင်တွေကိုလည်း ၁၅ရက်နောက်ဆုံး အကုန်ထွက်ဖို့ ပြောထားပြီ။ အဓိက ပိတ်ရတဲ့အကြောင်းအရင်းက ဒီဒေသမှာ ပြည်သူ့စစ်အဖွဲ့က စစ်အင်အားတွေ တိုးချဲ့ပြီး အရင်ကထက်ပိုပြီးလှုပ်ရှားမှုများလာတယ်။ မှော်ဘက်ကို အသွားအပြန်လုပ်တဲ့ ပြည်သူတွေကို ရိုက်နက်မှုများလာတယ်။ အခွန်တွေလည်း အရင်က အဆမတန်ကောက်လာတယ်။ ဒါကြောင့်ဖြစ်တယ် ပိတ်လိုက်ရခြင်ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လကစတင်ပြီး စံပြကျေးရွာအခြေစိုက် ပြည်သူ့စစ်ဂိတ်တွင် မှော်ဘက်ကို သွားလာဖြတ်သန်းနေသော ပြည်သူ ၂၀ ခန့်သည် သွေးထွက်သံယိုဖြစ်အောင် အကြောင်းမဲ့ ရိုက်နက်ခံ မှုများ ပုံမှန်ရှိနေသည်ဟု သိရသည်။

“သူတို့ပြည်သူ့စစ်ဂိတ်မှာ စစ်ဆေးမှုလုပ်တယ်။ ကချင်ကလေးတိုင်း ရိုက်နက်ခံရတယ်။ ဗမာဆိုရင်ဘဲ လွတ်ပေးတယ်။ ပြီးရင် ဒီအပတ်လောက်မှာဘဲ KBC သင်းအုပ်ဆရာတစ်ပါးကို သွေးထွက်အောင်ရိုက်နက်ပေးတယ်။ ဂိတ်ထိုင်တဲ့ ပြည်သူ့စစ်အဖွဲ့က အရမ်းဆိုးလာတယ်။ ဒီလိုလုပ်ရပ်တွေက ကျနော်တို့ဘက် ကြာရှည်သီးမခံနိုင်တော့ဘူး” ဟု ပြောဆိုထားသည်။

ထို့ကြောင့် ယနေ့ အောက်တိုဘာ ၁၄ ရက် နံနက်အစောပိုင်း ၁နာရီဝန်းကျင်ခန့်တွင် စံပြကျေးရွာ ပြည်သူ့စစ်ဂိတ်မှ ရွှေမှော်သွားလမ်းကို KIA က ဘက်ဟိုးဖြင့် လမ်းဖြတ်တောက်မှု စတင်ပြုလုပ် လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ယနေ့မှစတင်ပြီး စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။

စစ်ကောင်စီအောက် စံပြ ပြည်သူ့စစ်အဖွဲ့အနေဖြင့် ရွှေမှော်လုပ်ငန်းရှင်များထံမှ ဘက်ဟိုးတစ်စီးနှုန်း တစ်လတွင် ငွေ ၁၀သိန်းနှင့် ဆီ ၁ ပေပါ ၄သောင်း ကောက်ခံမှုပြုလုပ်သည်ဟု ထိုဒေသရှိ လုပ်ငန်းရှင်တစ်ဦးက ယခုလို ပြောဆိုထားသည်။

“အခွန်တော့ ၂ ဖက်ကို ပေးရပါတယ်။ ပြည်သူ့စစ်အဖွဲ့က ဘက်ဟိုးတစ်စီးကို တစ်လ ၁၀သိန်းသွင်းခိုင်းတယ်။ တစ်ချို့ကိုတော့ ၅ သိန်းသွင်းခိုင်းတယ်လို့ ကြားရတယ်။ ဆီတစ်ပေပါကို ၄သောင်းတောင်းတယ်။ အရင်တုန်းကတော့ ဆီ ၁ပေပါကို တစ်ဂါလံနှုန်းဘဲယူတယ်။ အခုနောက်ပိုင်းက မရတော့ဘူး” ဟု ပြောဆိုသည်။

ယခု ပိတ်လိုက်သည့် ရွှေမှော်များမှာ ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်ရှိ ဝခါး၊ ဂျာဝမ်၊ လောဒ်ဂျာ၊ ကိုင်းတောနှင့် ယုဇနလုပ်ကွက် စသော နေရာအသီး ရွှေလုပ်ငန်းလုပ်ကိုင်သူများသာဖြစ်ပြီး KIA တပ်မဟာ ၂ ၏ ညွန်ကြားချက် အမိန့်စာတိုင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော အပတ် တနိုင်းဘက်သို့ စစ်ရိက္ခာသယ်ပို့လာသည့် စစ်ကောင်စီ စစ်ယာဉ်တန်းကို ဘန်ကောက်ကျေးရွာ အနီးတွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့် နောက်ပိုင်း ပြည်သူ့စစ်နှင့် နီးကပ်နေသော စံပြ၊ အောင်ရာ၊ ဘန်ကောက် စသော နေရာများတွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာရကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button