မုံးကိုး နဲ့ တီးမ ကျေးရွာဘက် စစ်ကောင်စီ နဲ့ MNDAA ၊ KIA တို့ တိုက်ပွဲဖြစ်
![](https://i0.wp.com/burmese.kachinnews.com/wp-content/uploads/2021/10/mung-gu-byu-ha-kawng.jpg?resize=780%2C470&ssl=1)
ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့နယ် ဖောင်းဆိုင်ဘက်မှာ ကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီ ခန့်ကစ စစ်ကောင်စီဘက် မှ ဖောင်းဆိုင်ရှိ ဆုတောင်းတောင်ပေါ်က ကိုးကန့် MNDAA တပ်စခန်းကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု တောက်လျှောက် အသံကြားနေရတယ်။ မုံးကိုး ဖောင်းဆိုင်ဘက် အသံ ကြားနေတယ်။ မုံးကိုးကနေ လည်း အသံကြားနေရတယ်။ မုံးကိုး ဗျူဟာကနေ ဖောင်းဆိုင်ဘက် ပစ်ကူပေးနေတယ်။” လို့ ဒေသခံ တဦးက ပြောပါတယ်။
မွန်းလွှဲ ၂ နာရီခန့်ကစ မုံးကိုး ဗျူဟာ ကုန်းကနေ ဖောင်းဆိုင်ဘက်ကို လက်နက်ကြီး အဆက်မပြတ် ပစ်နေကြောင်း “ဒီနေ့တော့ တနေကုန်။ ၂ နာရီကနေ ခု ထိ ပစ်နေတုန်းပဲ။” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်
ဒါ့အပြင် မူဆယ်မြို့နယ် KIA တပ်ရင်း ၉ နေရာ တီးမကျေးရွာဘက် မန်ကန်တောင်မှာလည်း ယနေ့ နေ့လည်ခန့်က စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး ဗုံးပေါက်ကွဲသံနဲ့ လက်နက်ကြီးငယ် ပစ်ခတ်သံကြားရတယ်လို့ ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။
ဒါ့အပြင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်ကပဲ ကချင်ပြည်နယ် မံစီမြို့နယ်ရှိ KIA တပ်ရင်း ၂၇ နေရာတွင် စစ်ကောင်စီတပ်ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ထပ်မံ သိရပါတယ်။
ဇူလိုင်လဆန်းကစ ရှမ်းမြောက် တရုတ်နယ်စပ် တိုက်ပွဲကြောင့် မူဆယ် မြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူ ၂ ထောင်ကျော် ရှိပြီး လက်နက်ကြီး ထိမှန်သေဆုံးတဲ့ အရပ်သား ပြည်သူ ၇ ဦး၊ ဒဏ်ရာရသူ ၈ ဦး၊ ရှပ်ထိ ၂ ဦး၊ မိုင်းနင်းမိသေဆုံးသူ ၃ ဦး၊ ဒဏ်ရာရသူ ၁ ဦး ရှိတာလည်း ဖြစ်ပါတယ်။