လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

တရုတ်နယ်စပ်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာ ရ

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲ နဲ့ မုံးကိုး ဖောင်းဆိုင်မှာ အောက်တိုဘာ ၁၇ ရက်နေ့က စစ်ကောင်စီနဲ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲမှာ ပြည်သူ တစ်ဦး လက်နက်ထိမှန်ခဲ့ကြောင်း သိရပါတယ်။

“ဒီညနေ ၃ နာရီခွဲခန့် ကစ ည ၈ နာရီ ဝန်းကျင်အထိ ကိုးကန့်က တပ်မ ၉၉ စခန်းကို လာရောက် တိုက်ခိုက်နေတာ။ အဲဒါကြောင့် စစ်ကောင်စီတပ် နဲ့ ကိုးကန့် MNDAA တို့ ‌တကြိမ် တိုက်ပွဲ ပြန်ဖြစ်တာ။ အရပ်သားပြည်သူ တဦး ကျည်ထိတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကိုးကန့် MNDAA တပ်ဘက်က လက်နက်ကြီး၊ ငယ်များဖြင့် လာရောက်ပစ်ခတ်ကာပြန်လည်ဆုတ်ခွာ သွားပေမယ့် စစ်ကောင်စီဘက်ကလည်း မရပ်မနား လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ပန်ဆိုင်းမြို့ခံ ပြည်သူတဦး လမ်းလျှောက်နေရင်း ထိသွားတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကိုလည်း ကျည်ကျခဲ့တယ်လို့ ဝမ်တိန်ဘက်နေထိုင်သူအချို့က ပြောပေမယ့် KNG သတင်းဌာန အနေနဲ့ သီးခြား အတည် မပြုနိုင်သေးပါဘူး။

အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ဖောင်းဆိုင် တိုက်ပွဲကြောင့် ပြည်သူများ၏ နေအိမ် ၂ လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ ပြီး အမျိုးသားတစ်ဦး လက်နဲ့ ဗိုက်မှာ လက်နက်ကြီး ကျည်စ ထိမှန်ခဲ့တာဖြစ်ပြီး ဒဏ်ရာကတော့ စိုးရိမ်စရာ မလိုဘူး လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် လက်နက်ထိမှန်သေဆုံးခဲ့တဲ့ အရပ်သား ပြည်သူများမှာ  ပန်ဆိုင်း မှာ ၂ ဦး၊ မုံးကိုးမှာ ၄ ဦး၊ ဖောင်းဆိုင်မှာ ၁ ဦး ရှိကာ၊ ဒဏ်ရာပြင်းထန်စွာရရှိထားသူများမှာ မုံးကိုးမှာ ၇ ဦး၊ ဖောင်းဆိုင်မှာ ၃ ဦး၊ ကြူကုတ် (ပန်ဆိုင်း)မှာ ၂ ဦး ရှိနေတာ ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသမှာ ရက်ပိုင်းအတွင်းက စစ်ကောင်စီနဲ့ MNDAA၊ KIA တို့ကြား တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button