
ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ တပ်ရင်း ၉ ဘက်ကို ယနေ့ နံနက် ၉ နာရီခွဲခန့်ကစတင်ပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ရေပူစမ်း ဆိုင်းဟော်မ်တောင်မှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း ရှေ့တန်း သတင်းအရ သိရပါတယ်။
မုံးကိုး ဖောင်းဆိုင်ဘက်မှာလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ယနေ့ နံနက် အစောပိုင်းက ဆုတောင်းတောင်ဘက်မှာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဖောင်းဆိုင် ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“မနေ့ည ၇ နာရီကနည်းက ဒီ မနက်မိုးလင်း အထိ တိုက်ပွဲ ပြင်းထန်နေတာ။ ကျည်ကာ ကားနဲ့ ရွာထဲက ပစ်ပေးနေတော့ ရွာထဲ တုန်ခါနေတယ်။ ကားနဲ့ ၂ ခေါက် ခေါက် အသံ ကြားတယ်။ ဒီနေ့မနက် တော့ ဘန်မွေး၊ မန်းယန် ဘက် ဒီမနက် ၁၀ နာရီ ခန့်ကစ တိုက်ပွဲ ပြင်းထန်နေတယ်။” လို့ ဖောင်းဆိုင် ဒေသခံတစ်ဦး က ပြောပါတယ်။
တိုက်ပွဲအနီးက ဘန်မွေးနဲ့ မန်းယန် ဒေသခံတွေဟာ ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၁၀၂ ဘက် ယာယီ ရှောင်တိမ်းခဲ့ကြရပြီး အောက်တိုဘာလ ၄ ရက်နေ့က စစ်ရှောင်အားလုံးရွာကို ပြန်လာခဲ့ရာ အခုချိန် တိုက်ပွဲ ပြန်ဖြစ်နေတာဖြစ်ပါတယ်။
မုံးကိုးမြို့ အနီးတဝိုက် ယနေ့မှာလည်း သေနတ်သံများ တောက်လျှောက် ကြားနေရပြီး ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံဘက် ကျည်ကျရောက်မှုတွင် ကားတစီးထိသွားကြောင်း မုံးကိုးဒေသခံတစ်ဦးထံမှ သိရပါတယ်။
Bum Shep