မြေယာနှင့် သဘာဝပတ်ဝန်းကျင်လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မချမ်းဘော့ဒေသခံများ၏ စိုက်ပျိုးမြေကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က ရွှေတူးရန် သတ်မှတ်ယူ

ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ရှင်မွေယာန်အုပ်စု ရှိန်ဂိုင်ယန်ကျေးရွာတွင် ဒေသခံများ လုပ်ကိုင်စားသောက်နေသော မြေနေရာပေါ်တွင် ရွှေတူးဖော်ရန်အတွက် စစ်ကောင်စီအောက် ဌာနေပြည်သူ့စစ်အဖွဲ့က မကျူးကျော်ရ ဆိုင်းဘုတ်များ စိုက်ထူလာနေကြောင်း သိရသည်။

ယခု အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ရှိန်ဂိုင်ယန်ကျေးရွာနှင့် ၁မိုင်ခန့်သာရှိသည့် ခီခ (Hki Hka) ချောင်းအနီး တဝိုက် ဒေသခံရွာသားများ၏ တောင်ယာ မြေဧက ၁၀ ကျော်ခန့်တွင် ‘လုပ်ကွက်ဧရိယာ မကျူးကျော်ရ’ စာသားပါ ဆိုင်းဘုတ်များကို ပြည်သူ့စစ်အဖွဲ့က လာရောက်စိုက်ထူထားသည်ဟု ရှိန်ဂိုင် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်အခင်းခုတ်ထားတဲ့ နေရာမှာလည်း လာကပ်ထားတယ်။ အခုသူတို့ ဆိုင်းဘုတ်လာကပ်ထားတဲ့နေရာတွေက ဒေသခံအားလုံး ၃ရာသီစလုံး တောင်ယာအခင်း လုပ်ကိုင်နေတဲ့ မြေနေရာဖြစ်တယ်။ ပြည်သူ့စစ်အဖွဲ့က ဘယ်လိုရည်ရွယ်ပြီး အခုလိုလာလုပ်ထားလဲ မသိဘူး။ ဆိုင်းဘုတ်လာထောင်းသွားတာလဲ ဒေသခံတွေက မသိလိုက်ဘူး”ဟု ဆိုသည်။

အခုလို လုပ်ရပ်အတွက် ဒေသခံများကို အသိပေးပြောဆိုမှု တစ်စုံတစ်ရာမရှိဘဲ ရွှေတူးဖော်ရန်အတွက် စတင်လုပ်ဆောင်လာခြင်းဖြစ်ပြီး ထိုလုပ်ရပ်အပေါ် လုံးဝကန့်ကွက်ကြောင်း အထက်ပါ ဒေသခံက ဆက်ဆိုသည်။

“ကျနော်တို့ ဘက်မှာက တောင်ယာအခင်းသာ လုပ်ကိုင်တတ်ကြတယ်။ လယ်က ရေရယူဖို့ ခက်တော့ သိပ်မလုပ်ကြဘူး။ အခုလို အာဏာပိုင်တွေက ဒီလို ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ လုပ်လိုက်ရင် ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်တဲ့ ဘုံပျောက်သွားမယ်။ အကောင်းဆိုတာနည်းတယ်။ ဒေသခံတွေအတွက်တော့ ဆိုးကျိုးတွေက ပိုများမယ်။ ဒါကြောင့် ဒါကိုလုံးဝကန့်ကွက်ပါတယ်။ နောက်ထပ်ဒေသခံတွေပေါင်းပြီး ဆက်လက်ကန့်ကွက်သွားပါမယ်” ဟု ဆက်ဆိုထားသည်။

ရှိန်ဂိုင်ယန်ကျေးရွာသည် လူဦးရေ ၂၀၀ ကျော်ခန့်နှင့် အိမ်ခြေ ၃၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ရွာသားအားလုံးမှာ တောင်ယာလုပ်ငန်းကိုသာ အဓိက ဦးစားပေးလုပ်ကိုင်ကြကြောင်းသိရသည်။

ပြီးခဲ့သော ၂၀၂၀ ခုနှစ် နောက်ပိုင်း ရှိန်ဂိုင်ယန်ကျေးရွာ ဧရိယာနယ်မြေအတွင်း ပြည်သူ့စစ်အဖွဲ့များက ရွှေတူးဖော်ရန် ပထမအကြိမ် ဧရိယာသတ်မှတ်မှုများရှိခဲ့သော်လည်း ဒေသခံပြည်သူများ ကန့်ကွက်မှုများရှိခဲ့သည့်အတွက် ပြန်လည်ရပ်နားခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button