တိုက်ပွဲသတင်း

ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သား ပြည်သူ ၃ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲမှာ အောက်တိုဘာ ၁၇ ရက်နေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲမှာ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပန်ဆိုင်းမြို့ ရပ်ကွက် ၅ က အသက် ၆၂ နှစ် အရွယ် အမျိုးသမီးတစ်ဦးရဲ့ နေအိမ်ထဲထိ လက်နက်ကြီးကျခဲ့တာကြောင်း သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။

“တရုတ်အမျိုးသမီး။ အသက် ၆၂ နှစ်။ ကျည်ဆံ တိုက်ရိုက် အိမ်ထဲကိုဝင်တာ။ ရပ်ကွက် ၅ က။ မီးဖို ချောင်မှာ လက်နက်ကြီးလာကျတာ” လို့ လက်နက်ကြီး ကျည် ထိမှန် တာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ဒါ့အပြင် ပန်ဆိုင်းမြို့အထွက် ရွှေညောင်ပင် ဆီဆိုင်အဟောင်း ညောင်ပင်ကုန်း၊ ပန်ဆိုင်း မုခ်ဦးဆိုင်းဘုတ်နားမှာလည်း ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် အိမ်ပြန်လာသော တရုတ်မိန်းကလေး ၂ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ပန်ဆိုင်းမြို့ခံ တစ်ဦးက ဆိုပါတယ်။

“တရုတ်မလေး ၂ ယောက် ညနေပိုင်း တိုက်ပွဲ ဖြစ်နေတဲ့အချိန် သွားခွင့် မပြုတာကို သွားလိုက်လို့ ကျည်ထိမှန်သွားတာ။ မိန်းခလေး ၂ ယောက်။ ဟိုဘက်ခြမ်း၊ ဒီ ဘက်ခြမ်း ပစ်နေတဲ့ အချိန်မှာ တရုတ်မ ၂ ယောက်က ကြောက်လို့လား၊ မသိလို့လား ဖြတ်သွားတဲ့အချိန် ကျည်ထိသွားတာ။ သေသွားတယ်။ ခုထိ အလောင်း မကောက်ရသေးဘူး။” လို့ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ထိ အလောင်း မကောက်နိုင်ခဲ့ကြောင်း သူက ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ် အမျိုးသမီး ၂ ဦးသည်  ပန်ဆိုင်း မြို့နယ်ခွဲ၊ မိုင်ဖန်ကျေးရွာအုပ်စု၊ လုံဂျာရွာ လိပ်စာပါ မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး ကိုဗစ် ကာကွာကွယ်ဆေး ထိုးနှံထားတဲ့ လက်မှတ်ပါ ပါတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ‌ကြောင့် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်မှာ ဩဂုတ်လ ၃၀ ရက်နေ့ မှ အောက်တိုဘာလ ၁၇ ရက်နေ့အထိ လက်နက်ကျည် ထိမှန်သေဆုံးသူ အမျိုးသမီး ၅ ဦး၊ လက်နက်ကျည် ရှပ်ထိ ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦး ရှိပြီ ဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button