သတင်း

မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် နောင်မွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု နှုန်းမြင့်တက်နေပြီး ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့အထိ ကူးစက်ခံရသူ ၇၀ ဦးဝန်းကျင်ခန့်အထိ ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် ၁၀ ရက်ကျော်ကစတင်ပြီး နောင်မွန်မြို့ပေါ်ရပ်ကွက်များတွင် ရောဂါ ကူးစက်ပျံနှံ့မှုများ ဖြစ်လာပြီး လက်ရှိတွင် ဒေသခံများမှာ တောင်ယာခင်းတွင် ထွက်ပြေးတိမ်းရှောင်ရသည့်အခြေအနေထိရှိနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“နောင်မွန်မြို့မှာက တစ်ရက်ပြီး တစ်ရက် အရမ်းများလာတယ်။ မနေ့ကအထိ ၆၀ကျော်လောက်ဘဲရှိသေးတယ်။ ဒီကနေ့ဆို ၇၀ ယောက်အထိရှိသွားပြီတဲ့။ တစ်ချို့က ရောဂါကူးစက်မှာကြောက်ပြီး အခင်းတောင်ယာတွေမှာဘဲ သွားနေကြပြီ။ ရောဂါဖြစ်တဲ့သူတွေတစ်ချို့ကလည်း အခင်းတွေမှာ သွားနေကြတယ်လို့ကြားတယ်။ အခုက မြို့ပေါ် ရပ်ကွက်အတွင်းမှာ ပိုဆိုးနေတယ်” ဟု ပြောဆိုသည်။

နောင်မွန်မြို့ပေါ်တွင် ရပ်ကွက် ၅ ခုရှိသည့်အနက် ရပ်ကွက် (၂) နှင့် (၃) တွင် ကူးစက်ပျံနှံ့မှုအများဆုံးဖြစ်နေပြီး တစ်ရက်အတွင်း ကူးစက်မှုနှုန်း ၈ ဦးမှ ၁၀ ဦးကျော်ခန့်အထိ မြင့်တက်နေကြောင်း သူက ဆက်ဆိုသည်။

ပြီးခဲ့သောအပတ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၁၈ ဦး အထိရှိခဲ့ပြီး ၎င်းတို့အများစုမှာ စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးဌာနဆိုင်ရာနေရာတွင် သွားလာလှုပ်ရှားသူများဖြစ်သည်ဟု သိရသည်။

နောင်မွန်ဒေသသည် လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲနေသေးသောကြောင့် ကျန်းမာရေးနှင့် ပတ်သက်ပြီးလည်း အလွန်အားနည်းနေသည့်အတွက် ကူးစက်မှုနှုန်း ယခုထက် ပိုမိုမြင့်တက်လာပါက အသက်အန္တရာယ်သေဆုံးသည့်အထိ ဖြစ်လာနိုင်သည်ဟု ပူတာအိုဒေသ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“နောင်မွန်မှာ ကိုဗစ်ကူးစက်မှုနှုန်း များနေတယ်ဆိုတာ မှန်ပါတယ်။ ကူညီရေးတွေ လိုအပ်နေတယ်။ ရောဂါကူးစက်မှုကြောင့် အသက်ကြီးတဲ့သူတွေအတွက် အင်အတန်မှ စိုးရိမ်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သေချာတိကျွမ်းတဲ့ ဆရာဝန်မရှိဘူး။ ကုသဖို့ အောက်ဆီဂျင်ဆိုတာလည်းမရှိဘူး။ သွားဖို့လာဖို့ အရမ်းခက်ခဲ့တယ်။ အဖက်ဖက်က မပြည့်စုံဘူး။ ဒီတပတ်အတွင်းမှာတောင် ကူးစက်ခံရသူတွေ ၆၀ ကျော်သွားပြီလို့ ကြားရတယ်” ဟု ပြောဆိုသည်။

နောင်မွန်ဒေသတွင် ဌာနေပြည်သူ့စစ်အဖွဲ့မှ စစ်သင်တန်းပို့ချပေးခဲ့ပြီးနောက် ရောဂါကူးစက်မှုရှိလာခဲ့သည့်အပြင် ပြီးခဲ့သောပတ် နောင်မွန်အုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး ဘောလုံးပွဲပြုလုပ်ရာတွင် ကူးစက်မှုနှုန်းပိုမိုများပြားလာကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

လွန်ခဲ့သော အချိန်များက မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုကြောင့် လူသေဆုံးမှုများရှိခဲ့သော်လည်း နောင်မွန်ဒေသခံသည် ရောဂါကူးစက်မှုနှုန်း နည်းပါးခဲ့ပြီး တတိယလှိုင်းဖြစ်ပွားခဲ့သည့်အထိ ရောဂါကူးစက်ခံရသူ ၅ဦးအထက်သာရှိခဲ့သောဒေသဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button