တိုက်ပွဲသတင်း

တနိုင်း-ရှင်ဗွေယန် လမ်းမပေါ်  စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

တနိုင်း – ရှင်ဗွေယန် လမ်းမပေါ်  တရုန်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့လာသော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ပြီးနောက် တခက်ကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အောက်တိုဘာလ ၂၅  ရက် ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က ရှင်ဗွေယန်မှ စစ်ကား ၃ စီး စစ်အင်အား ၆၀ ဝန်းကျင်ဖြင့် တရုန်ဘက်သို့ဆင်းလာခဲ့ရာ တခက်ကျေးရွာအနီးတွင်း KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၄၅ အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အခုတိုက်ပွဲဖြစ်နေတာက တခက်ကျေးရွာအနီးမှာ ဟုတ်တယ်။ ယနေ့နံနက်ပိုင်း ရှင်ဗွေယန်ကနေ ဆင်းလာတဲ့အဖွဲ့ဖြစ်တယ်။ KIA က မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်နေတာက မိနစ် ၂၀လောက်ရှိနေပြီ။ အခုချိန်ထိ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်နေကြတုန်း။ ထိခိုက်မှုအခြေအနေက မသိရသေးဘူး” ဟု ပြောဆိုသည်။

အဆိုပါ စစ်ကြောင်းမှာ ရှင်ဗွေယန် မှ ခလုန်းကျေးရွာအထိ စစ်ကား ၃ စီးဖြင့် ပို့ထားခဲ့ပြီး ထိုနေရာမှ တဆင့် ခြေကျင်ဖြင့် တရုန်ဘက်သို့ဆင်းလာခဲ့ရာ တခက်ကျေးရွာအနီးတွင် တိုက်ခိုက်ခံ ခဲ့ရခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၄ ရက် ယမန်နေ့ နံနက်  ၅နာရီခွဲဝန်းကျင်ခန့်ကလည်း တနိုင်း မှ ရှင်ဗွေယန် ဘက်သို့ တက်လာသည့် 4-D အိမ်စီးကား ၂ စီးကို KIA က မီးရှို့ဖျက်ဆီးလိုက်ကြောင်းလည်း သိရသည်။

အဆိုပါ ကား ၂ စီးတွင် စစ်ကောင်စီနှင့် သက်ဆိုင်သူများလည်းပါဝင်နေသည့်အပြင် ဖြတ်သန်းသွားလာခြင်းမပြုရသောအချိန်တွင်ဖြတ်လာသောကြောင့် အဆိုပါ ယာဉ်မောင်း ၂ ဦးကို KIA က ကားမီးရှို့ဖျက်ဆီးခိုင်းလိုက်ခြင်းဖြစ်ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ခု ထံမှသိရသည်။

“သူတို့က သတ်မှတ်ထားတဲ့အချိန်ကို လိုက်နာမှုမရှိဘူး။ KIA က နံနက် ၆နာရီကနေ ည ၆နာရီအထိသာ ယာဉ်မောင်းနင်းခွင့်ပြုတာကို အသိပေးကြေညာထားပြီဖြစ်တယ်။ အဲ့တာကို လိုက်နာမှုမရှိဘူး။ ပြီးရင် အဲ့ ကား ၂စီးမှာ ရဲတပ်သား တစ်ယောက်နဲ့ စစ်သားတစ်ယောက်ပါလာတယ်လို့ကြားတယ်။ အဲ့ကြောင့် KIA က စစ်ဆေးပြီး မီးရှို့ဖျက်ဆီးခိုင်းလိုက်တယ်” ဟု ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း တနိုင်းဘက်က စစ်ကောင်စီတပ် လဂျားဘွမ့်ဘက်သို့ စစ်အင်အား ၅၀ ခန့်က ခြေကျင်ဖြင့် တိုးချဲ့လာသဖြင့် လဂျားဘွမ့်ရွာဦးထက်အပိုင်းရှိ တခန်းခ (Da Hkan Hka) အနီးတွင် KIA က  ၂ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာလတွင်လည်း တရုန်ဘက်သို့ စစ်အင်အား အများအပြားတိုးချဲ့လာသောကြောင့် ၁၀ရက် ကျော်ခန့်အကြာ တနိုင်းနှင့်ရှင်ဗွေယန်လမ်းမကြီးပေါ်တစ်လျှောက်တွင် KIA က စောင့်ကြိုကာ အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့သည်။

Show More

Related Articles

Back to top button