သတင်း

မူဆယ်မြို့နယ်မှာ တရုတ်ဘက် နယ်နမိတ်ကျူးကျော် သံဆူးကြိုးခတ်လာမှုကို ဒေသခံများ ပြန်လည်ဖျက်ဆီး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာ တရုတ်ဘက်က နယ်ကျွံပြီး ခြံစည်းရိုးခတ်လာတာကြောင့် မြန်မာ ဒေသခံတွေက သွားရောက်ဖျက်ဆီးလိုက်ကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့က ပန်ခမ်းဒေသခံ ရာချီအင်အားဖြင့် သွားရောက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ကတော့ ပန်ခမ်းကျေးရွာမှာ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုး မြန်မာပြည်ထဲမှာ ဝင်လာတာ။ နယ်နိမိတ်ကျူးကျော်တာ။ ကျွန်တော်တို့ရွာက အကုန်လုံး ပြန်လာဖျက်တယ်။ ရွာသူရွာသားတွေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့ နဲ့ နမ့်ခမ်း တစ်ဖက်ကမ်းက ကျေးရွာပေါင်း ၁၉ ရွာမှာ တရုတ်ဘက်က နယ်နိမိတ်ကျူးကျော်ခြံစည်းရိုးလာနေတာကို လက်မခံနိုင်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာမှာ တရုတ်ဘက်က နယ်ကျွံ နယ်ခြားစည်းရိုး ထပ်မံခတ်သွားတယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ မန့်ဟီးရိုးမြို့နယ်ခွဲ ဟက်ဟင်ရွာက တရုတ်ဘက် ကျူးကျော် ခြံစည်းရိုး ကာထားတာကို ဒေသခံတွေက သွားရောက်ဖျက်ဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် အခုလလယ်ခန့်ကလည်း ပန်ဆိုင်းမြို့ မန့်မိုင်ရပ်ကွက်က နယ်ခြားချောင်းကို ၁၀ ပေကျော်ကျွံကာ တရုတ်ဘက်က မြေဖို့ လမ်းဖောက်နေပြီး နယ်မြေကျူးကျော် နယ်ခြားစည်းရိုးခတ်တာ လက်မခံပါက လာမယ့် ကြံထွက်ချိန် မြန်မာဘက်က ကြံတွေကို တရုတ်ဘက်က ဝယ်ယူမှာ မဟုတ်ကြောင်း ဒေသခံတွေကို ဖိအားပေး ပြောလာကြောင်း နယ်ခံတွေဆီက သိရပါတယ်။

မုံးကိုးမြို့မှာလည်း တရုတ်နယ်ခြားစည်းရိုးအနီး ထွက်ပြေးခိုလှုံနေတဲ့ စစ်ရှောင်တွေကို တရုတ်ဘက်က မောင်းထုတ်ခဲ့ပြီးနောက် မြေကော်စက်နဲ့ လာရောက်တူးဆွလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က COVID-19 ရောဂါကိုအကြောင်းပြကာ မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်နေတာဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာဘက်ကို သိသိသာသာ နယ်ကျွံ နယ်ခြားစည်းရိုး ပိုမိုတိုးချဲ့ ခတ်လာတာဖြစ်ကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

တရုတ် မြန်မာပြည် နယ်စပ်မှာ ကချင်မှ ရှမ်းပြည်နယ်အထိ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေတယ်လို့ သိရပါတယ်။

Bum Shep

Show More

Related Articles

Back to top button