သတင်း

တစ်ရက်အတွင်း တနိုင်း-တရုန် လမ်းကြောင်းပေါ် နေရာ ၂ ခုမှာ စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

လီဒိုလမ်းမကြီးအတိုင်း တရုန်ကျေးရွာမှာ တနိုင်းသို့ ဆင်းလာသော စစ်ကောင်စီတပ်ကို လမ်းပိုင်း ၂ နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၅၀ ကျော်ပါသော စစ်ကြောင်းကို လဂျားဘွမ့်ကျေးရွာအထွက် လိမ္မော်ခြံတွင်တစ်နေရာ၊ ရှိန်လုံနှင့် ပန္နက်ကြားတွင်တစ်နေရာစသဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုတိုက်ပွဲပြန်ဖြစ်နေတာက လဂျာကျေးရွာအကျော် ရှင်လုံမရောက်ခင်မှာ ဟုတ်တယ်။ ရွာကနေ လက်နက်ကြီး ငယ်သံအစုံကြားရတယ်။ KIA ဘက်က မိုင်းခွဲတိုက်ခိုက်တာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဖို့များတယ်။” ဟု ပြောဆိုသည်။

နံနက် ၁၁ နာရီဝန်းကျင်ခန့် အဆိုပါ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ၁၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း ရှေ့တန်း KIA ရင်းမြစ်တစ်ခုထံမှ သိရသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် ရှိန်လုံနှင့် ပန္နက်ကြားတွင် KIA က ထပ်မံ တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က ထိခိုက်သူ နည်းပါးကြောင်း အဆိုပါ KIA ရင်းမြစ်က ပြောသည်။

အောက်တိုဘာလ ၂၅ရက်နေ့ ရှင်ဗွေယန်မှ စစ်ကား ၃ စီးဖြင့် ဆင်းလာခဲ့သော စစ်အင်အား ၆၀ ပါစစ်ကြောင်းသည် ယမန်နေ့ကလည်း လမ်းပိုင်းတစ်နေရာတွင် တိုက်ခိုက်ခံရပြီး ယနေ့လည်း နှစ်ကြိမ် ထပ်မံ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ဒါ့အပြင် အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် သက်ဆိုင်သူများပါဝင်သည့် တနိုင်းဘက်မှ ရှင်ဗွေယန်သို့ တက်လာသော  4-D အိမ်စီးကား ၂စီးကို ရှိန်လုံနှင့်လဂျားဘွမ့်အနီးတွင် KIA က မီးရှို့ဖျက်ဆီးပေးလိုက် ကြောင်း သိရသည်။

ယခုအပတ်အတွင်း တနိုင်း-ရှင်ဗွေယန်လမ်းမကြီးတစ်လျှောက်တွင် စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို KIA က စောင့်ကြိုကာ ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့သည်မှာ ၄ ကြိမ်ထက်မနည်းရှိပြီ ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာလတွင်လည်း တနိုင်းဘက်မှ တရုန်ဘက်သို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ အများအပြားကို လီဒိုလမ်းမကြီးတစ်လျှောက်တွင် ၁၀ ရက်ကျော်ခန့် KIA က မိုင်းခွဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာလမှစတင်ပြီး စစ်ကောင်စီတပ်သည် တနိုင်းမြို့မှ ရှင်ဗွေယန်ကြား လီဒိုလမ်းမပေါ်ရှိ တရုန်ကျေးရွာတွင် တပ်အခြေစိုက်ရန် ကြိုးစားလာသောကြောင့် KIA တပ်ရင်း ၄၅ ဖြင့် တိုက်ခိုက်ပုံမှန်ဖြစ်ပွားနေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button