သတင်း

မူဆယ် မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှေ့က ဆိုင်တန်းလျားမှာ မီးလောင်မှု ဖြစ်ပွား 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အရှေ့ ပြည်ထောင်စု ကားလမ်းမကြီးဘေးက အငှားတိုက်တန်းလျားမှာ ယနေ့ နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

“ဆိုင်ခန်း ၅ ခန်းပါသွားတာပေါ့။ ဝါယာရှော့လို့ ပြောတာပဲ။ ဘယ်အခန်းလဲတော့ တိတိကျကျ မမှတ်မိတော့ဘူး။ စပြီးသွားတာတော့ ကျွန်တော်တို့ သွားလိုက်တာ။ အထဲကို လှမ်းကြည်လိုက်တာနဲ့ မီးက လူနဲ့ ဘယ်လိုမှ ကပ်လို့ မရတော့ဘူးလေ။ မရတော့ဘူးဆိုတော့ သူ့ဘေးဆိုင် ပတ်ပတ်လည်ကိုပဲ အကုန်လုံး တံခါးတွေထု လိုက်နှိုးပေါ့။ မီးသတ်ကားပဲ စောင့်ရတော့တာပေါ့။ ၁၂ နာရီ ၁၀ မိနစ်ကနေ ၂ နာရီ မတ်တင်းလောက်ထိပေါ့။ လဖက်ရည်ဆိုင် ၁ ဆိုင်၊ ရှမ်းခေါက်ဆွဲဆိုင်၊ ကားပစ္စည်းဆိုင် ၂ ဆိုင်၊ ကွမ်းယာနဲ့ ကွမ်းပစ္စည်းဆိုင် ၅ ဆိုင်ပေါ့။ လုံးလုံးလျားလျားထိသွားတာတော့ ၃ ဆိုင်ပေါ့။ ကျန်တဲ့ ၂ ဆိုင် က အနည်းငယ် ထိတာပေါ့။ မီးကူးတာပေါ့။” လို့ ပါဝင်ကူညီခဲ့သူက ပြောပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၀၀:၃၀ နာရီခန့်ကစ မီးလောင်မှု ဖြစ်ပွားပွားကြောင်းနဲ့ မူဆယ်ခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၃ စီး နဲ့ မီးငြှိမ်းသတ်ခဲ့ရာ မနက် ၁ နာရီ ၂၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ ၅၀ အချိန် မီးငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာနကလည်း သတင်း ထုတ်ပြန်ထားပါတယ်။

ပတ္တမြားကား အပိုပစ္စည်းဆိုင်က စတင်လောင်ကျွမ်းလာတာဖြစ်တယ်လို့ အနီးနားကဒေသခံတွေက ယူဆနေကြပေမယ့် အတိအကျ သိနိုင်ဖို့ ခက်ခဲကြောင်း ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“လောင်ကျွမ်းမှုကတော့ တော်တော်လေးကို ဆိုးတယ်။ ကျွန်တော်သိတာက ၁၁ နာရီကျော်လောက်က လောင်တာ။ ဒါပေမယ့် ၁၂ နာရီနောက်ပိုင်းမှ သိတာလေ။ ပတ္တမြားစတိုး ကားအပိုပစ္စည်းဆိုင်ကပဲလောင်တာလို့ အများက သုံးသပ်နေကြတာ။ အဲကြောင့် အဲ ဆိုင်ပိုင်ရှင်ကိုတော့ မနေ့ညကပဲ ခေါ်သွားတာပေါ့။” လို့ မျက်မြင် ဒေသခံ ၁ ဦးက ပြောပါတယ်။

လက်ရှိမီးလောင်မှုဖြစ်ပွားခဲ့သော ၁၀၅ မိုင်နေရာမှာ စစ်ရေးပဠိပက္ခပုံမှန်ဖြစ်နေသော ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button