Covid-19 Reportingသတင်း

အင်ဂွမ်လကျေးရွာ ကျောင်းသား ၁၀၀ နီးပါးခန့်တွင် Covid-19 ကူးစက်ခံရသဖြင့် အကူညီလိုအပ်နေ

ကချင်ပြည်နယ် တြိဂံဒေသ အင်ဂွမ်လ N-Gum La ကျေးရွာတွင်ရှိသော San Petru ဘော်ဒါကျောင်းမှ ကျောင်းသား ၉၈ ဦးတွင် Covid-19 ပိုးတွေ့ရှိသောကြောင့် ဆေးဝါးနဲ့ အစားအသောက်ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေကြောင်း San Petru ဘော်ဒါတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အရင်ရှေ့အပတ်ကနေ ပိုးစတွေ့လာပြီးတော့ ၂၅ ရက်နေ့ထိ ၉၈ ဦးရှိပြီ။ အခုက ဘယ်လောက်ပြန်တိုးသွားပြီလဲ လိုင်းမရှိတော့ မသိရသေးဘူး။ အခုလောလောဆယ် ပိုးတွေ့လူနာကို သပ်သပ်ခွဲနေခိုင်းထားပေမဲ့ နေရာအခက်အခဲ တွေရှိနေတယ်။ ဆေးကုသဖို့ ဆေးဝါးလည်းမရှိဘူး။ ခုခံအားအတွက် အစားအသောက်လည်းမရှိတော့ ဒါတွေလိုအပ်နေတယ်။” ဟု San Petru ဘော်ဒါမှ Brother ဘရန်အောင် က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေဖြစ်ပြီး ရောဂါကူးစက်မှုဖြစ်နေသော အဆိုပါနေရာအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများဖြစ်သော PPE ဝတ်စုံ ၊ Mask ၊ လက်ဆေးရည် စသဖြင့် အခြားကိုဗစ်ထိန်းချူပ်ရေးအတွက် အရေးကြီးသည့်ပစ္စည်းများ ကူညီထောက်ပံ့မှု လိုအပ်နေသည်ဟု ဆိုသည်။

ကက်သလစ်အသင်းတော်မှ ဖွင့်လစ်ထားသော San Petru ဘော်ဒါသည် ၉ တန်း၊ ၁၀ တန်းကျောင်းသားများကိုလက်ခံထားသည့် ဘော်ဒါဖြစ်ပြီး စုစုပေါင်း ကျောင်းသား ၁၀၇ ဦးရှိကြောင်း သိရသည်။

အင်ဂျန့်ယန်မြို့နယ်တွင် အဆိုပါဘော်ဒါအပြင် အခြားရပ်ရွာ၊ ဘော်ဒါများ ၊ စစ်ရှောင်များတွင်လည်း ကိုဗစ်ပိုး ကူးစက်ခံနေရသဖြင့် လက်ရှိ အင်ဂွမ်လတွင် San Petru ဘော်ဒါအပါအဝင် ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိကြောင်းသိရသည်။

လမ်းခရီး သွားလာရေး ခက်ခဲကြမ်းတမ်းသည့်အပြင် ကုန်းလမ်းပိတ်ထားသော အင်ဂျန်ယန်မြို့နယ်တွင် ကုန်ပစ္စည်းပို့ဆောင်ရန်ခက်ခဲနေပြီး ဆက်သွယ်ရေးလိုင်းခက်ခဲသောကြောင့် ဒေသတွင်း သတင်းအချက်အလက်များကို တိတိကျကျရရှိနိုင်ရန်လည်း ခက်ခဲနေသည်။\

Show More

Related Articles

Back to top button