
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ဝဲကြီးကျေးရွာအနီးတွင် PDF နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ညနေ ၃နာရီဝန်းကျင်မှစကာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများမှ သိရသည်။
“ခုနက စဖြစ်တာဟုတ်တယ် အဲရွာနားက စစ်ကောင်စီတပ်တွေရှိတဲ့နေရာ PDF တွေက မိုင်းသွားဆွဲလိုက်တာ အဲကနေ သူတို့လည်း ပြန်ခံပစ်ပြီး တိုက်ပွဲဖြစ်တာ” ဟု မြေပြင်သတင်းပေးပို့သူ တစ်ဦးကပြောသည်။
ဝဲကြီးရွာသည် ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုးတားလေးကျေးရွာအနီးတွင်ရှိသည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ် ယမန်နေ့မှစကာ ကျေးရွာအတွင်း တပ်စွဲထားသေးကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ မိုးတားလေးကျေးရွာအနီး တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည့်အပြင် ယခုတိုက်ပွဲထပ်မံဖြစ်နေသည့်မတွက် ထွက်ပြေးတိမ်းရှောင်သူ ပိုများလာကြောင်း ဒေသခံများက ပြောသည်။
“အိမ်က မပြန်ကြရသေးဘူး ပြေးနေရတာ မနေ့ကတည်းက ခုထိရွာမပြန်နိုင်သေးဘူး စစ်တပ်က ရွာထဲမှာ ရှိနေသေးတယ် ခုလည်း ကျမတို့ရွာနားမှာဘဲ တိုက်ပွဲကဖြစ် တစ်ချို့အိမ်တွေ မီးရှို့နေတယ်လို့ ကြားရတယ်”လို့ ဒေသခံတစ်ဦးကပြောသည်။
ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ယမန်နေ့ PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ် ၁၁လုံးမီးရှို့ခံရပြီး၊ကလေးတစ်ဦးနားရွက်နား ကျည်ဆအနည်းငယ်ထိမှန်ကာ နွား ၇ ကောင်လည်း သေဆုံးကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းနေရာဒေသအနှံ့ ပြည်သူများအား ဖမ်းဆီးမူများပြုလုပ်နေသည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့တွင်လည်း ကသာဒေသခံတစ်ဦးအား စစ်ကောင်စီမှ လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် သတ်ဖြတ်ခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလမှ စကာ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များ နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။