သတင်း

ဒီပဲယင်းမြို့ အောင်စည်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ရဟတ်ယဉ်ဖြင့်ပစ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ၊ အောင်စည်မြေကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ  မြေပြင်လက်နက်ကြီးများအပြင် စစ်ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ခဲ့‌ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

“ဒီမနက်ပစ်သွားတာပေါ့နော်။ အကျအဆုံးစာရင်းကိုတော့ အခုထိအတည်ပြုလို့ မရသေးပါဘူး ခင်ဗျာ။ နှစ်ဖက်အထိအခိုက်ကတော့ ရှိပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ခုဖြစ်သည့် Voice of Depeyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှစကာ ဒီပဲယင်းမြို့နယ်၊ အောင်စည်မြေကျေးရွာသို့ လက်နက်ကြီး အချက် ၅၀ ထက်မနည်း ပစ်ခတ်ကြောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင်မူ စစ်တပ်က ရဟတ်ယာဉ်များဖြင့် အသုံးပြု ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေနေနဲ့ ပတ်သက်ပြီး ဒေသခံ သတင်းရင်းမြစ်က ခုလိုပြောသည်။

“တိုက်ပွဲဆိုတာထက် သူတို့ဘက်ကနေ လက်နက်ကြီး ပစ်ကူနဲ့ ရဟတ်ယာဉ်နဲ့ စပစ်လို့ ကျနော်တို့ဘက်ကနေ သူတို့လမ်းကြောင်းတွေကိုထောက်ပြီး မိုင်းဆွဲတိုက်ခိုက်တာမျိုးပါ” ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မူကြောင့် အောင်စည်ကျေးရွာပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် DPY LC PDFအဖွဲ့မှ သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ သတိပေးချက်တွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းမှ ကာကွယ်ရန် ဒီပဲယင်း – စိုင်ပြင် လမ်းပိုင်း နှင့် အနောက်ဖက်အခြမ်းရှိ မူးဘောင်များကို လုံးဝ အသုံးမပြုကြရန် တိုက်တွန်းထားကာ မိမိဒေသသို့ စစ်ဘေးရှောင်များရောက်ရှိလာပါကလည်း ညီရင်းမောင်နှမသဖွယ် ကူညီစောင့်ရှောက်ကြရန် မေတ္တာရပ်ခံထားသည်။

Show More

Related Articles

Back to top button