တိုက်ပွဲသတင်း

ကသာမြို့နယ် နတ်လိုင်ကျေးရွာအနီး ABSDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ကသာမြို့နယ် နတ်လိုင်ကျေးရွာအနီး ABSDF နဲ့ စစ်ကောင်စီတို့ ယနေ့နံနက် ၇နာရီဝန်းကျင်မှစကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသရင်းမြစ် တာဝန်ရှိသူများများထံမှ သိရသည်။
” နတ်လိုင်ရွာက အထွက်ကို မနေ့ညကတည်းကစောင့်နေတာ ဒီမနက်တော့ သူတို့လည်း သေနတ်ဖောက်ပြီး ရွာအထွက် လယ်ကွင်းနားအရောက် ဒီဘက်ကလည်း လက်နက်ကြီးနဲ့ပစ်ထည့်လိုက်တာ ထိခိုက်မှုအခြေနေတော့ မသိရသေးဘူး” ဟု ဒေသရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပစ်ခတ်ခံလိုက်ရသည့် စစ်ကောင်စီတပ်များသည် ရွာထဲသို့ ပြန်ဝင်သွားပြီး နတ်လိုင်ရွာကို ကာဗာယူကာ ပြန်လည်ပစ်ခတ်နေကြောင်း သိရသည်။
” ခု စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေတာ ၄ လုံးရှိနေပြီ ဒီဘက်ကတော့ ရွာသားတွေထိမှာ စိုးလို့ အခြေနေကြည့်နေရတယ်” အမည်မဖော်လိုသည့် ဒေသရင်းမြစ်ကပြောသည်။
လက်ရှိ နတ်လိုင်ကျေးရွာအတွင်း နေအိမ်တစ်လုံးမီးလောင်နေပြီး ဒေသခံများလည်း ပိတ်မိနေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကသာမြို့နယ်အထက်ပိုင်း စေတီကုန်းကျေးရွာနှင့် မိတ်သလင်းကျေးရွာ ဘုန်းကြီးကျောင်းများတွင် ဇန်နဝါရီလ ၂၀ ရက်ည တပ်စွဲနေထိုင်ခဲ့ပြီး ဇန်နဝါရီလ ၂၁ရက်နေ့ နတ်လိုင်ရွာဘက်သို့ ပြောင်းရွှေ့ကာ လာရောက်တည်းနေသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းမှ ကျေးရွာနေပြည်သူများအား ဘေးလွှတ်ရာသို့ တိမ်းရှောင်ရန် ကြိုတင်သတိပေးခဲ့သော်လည်း တိမ်းရှောင်ခြင်းမရှိခဲ့ကြကြောင်း သိရသည်။
” နီးစပ်ရာ ရွာကလူတွေကို ရှောင်နေကြဖို့ သတိပေးထားတာဟုတ်တယ် အဲဒါမရှောင်ကြဘူး ပြီးတော့ စစ်တပ်က မနေ့ည ရွာသားတွေကိုမရှောင်စေချင်လို့ ဖြစ်မှာပေါ့ ကလေးတွေကိုမုန့်တွေလိုက်ဝေနေတယ်တဲ့ ပြီးတော့ လေယာဉ်လာရင်တော့ ရှောင်ကြနော်လို့ စစ်တပ်ကရွာက လူတွေကို ပြောတယ်လို့ သိရတယ်” ဟု နီးစပ်သူတစ်ဦးကပြောသည်။
ယင်းကဲ့သို့ တိုက်ပွဲပြင်းထန်နေသည့်အပြင် စစ်တပ်သည် ကသာမြို့သို့ သွားသည့်လမ်းများအား ပိတ်ထားသည့်အတွက် ဒေသခံများ ရွာအတွင်း ပိတ်မိနေကြောင်း သိရသည်။
ဒေသခံများနဲ့ နီးစပ်သူတစ်ဦးပြောချက်အရ နတ်လိုက်ရွာမှ ကသာမြို့သို့သွားသည့်လမ်းများ ပိတ်ထားသည့်အပြင် လက်ရှိလက်နက်ကြီးသံ၊သေနတ်သံများ အဆက်မပြတ်ကြားနေရကြောင်းနဲ့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အသုံးပြုကာ တိုက်ခိုက်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။
အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ဖြစ်​သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)သည် ဇန်နဝါရီ ၁၅ရက် ရွှေကူမှ ကသာမြို့ဘက်သို့မောင်းနှင်လာသည့် စစ်ကောင်စီသင်္ဘောနှစ်စီးအား စောင့်ဆိုင်းနေသည့် နကူးရွာဟောင်းမှ စစ်ကောင်စီအဖွဲ့များအား ABSDF ကျောင်းသားတပ်နှင့် ပကဖ ပူးပေါင်းအဖွဲ့ ပထမအကြိမ် တိုက်ပွဲဖြစ်ခဲ့သည်။
ယခုတိုက်ပွဲသည် အာဏာသိမ်းပြီးနောက်ပိုင်း ABSDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်သည်မှာ ဒုတိယအကြိမ်ရှိပြီဖြစ်သည်။
အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ဖြစ်​သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)သည် ၁၉၈၈ အရေးတော်ပုံကာလက ပေါ်ပေါက်ခဲ့သည့် ကျောင်းသားတပ်မတော်ဖြစ်သည်။
Show More

Related Articles

Back to top button