သတင်း

တနိုင်းတွင် ထောင်ဒဏ် ၂ နှစ်ချခံရသော လူငယ်များကို ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားသို့ပို့

တနိုင်းမြို့တွင် မတရားအသင်းဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံရသော အသက် ၂၀ ဝန်းကျင်အရွယ်လူငယ်များကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကချင်လူငယ် ၂၁ဦးကို တနိုင်းမှ မြစ်ကြီးနားအကျဉ်းထောင်သို့ ကားလမ်းဖြင့်ပို့ဆောင်ရန် လုံခြုံမှုမရှိသောကြောင့် ဇန်နဝါရီလ ၂၂ ရက်နေ့က ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက KNG ကို ယခုလိုပြောသည်။

“မနေ့က ရဟတ်ယာဉ်နဲ့ ၁၂ယောက်ကို မြစ်ကြီးနားအကျဉ်းထောင်ကိုပို့လိုက်တယ်လို့ သိရတယ်။ လေယာဉ်မဆံ့လို့ ၁၂ကိုဘဲ ခေါ်သွားတယ်လို့ ကြားတယ်။ အခုက တနိုင်းမှာ ၉ယောက်ကျန်သေးတယ်။” ဟု ပြောဆိုသည်။

အဆိုပါ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ခံရသူ ၁၂ဦးတွင် မိန်းကလေး ၇ ဦးနှင့် ယောင်္ကျားလေး ၅ဦးတို့သာ ဖြစ်ကြပြီး ကျန်ရှိသည့် လူငယ် ၉ဦးကို ခလရ ၂၃၈ နှင့် ခလရ ၈၆ တပ်စခန်းတို့တွင် ဆက်လက်ချုပ်နှောင်းထားသေးကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် လူငယ် ၂၁ ဦး ကို ထောင်ဒဏ်ချမှတ်လိုက်သည့် ဇန်နဝါရီလ ၁၂ရက်နေ့မှ ရက်ပေါင်း ၁၀ ရက်အကြာမှ ယခုလို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။

တနိုင်းမြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသည့် လူငယ် ၂၉ဦးရှိခဲ့ပြီး ၎င်းတို့အနက် အသက် ၁၈နှစ် မပြည့်သေးသည့် လူငယ် ၈ဦးကို ၇ လခန့်အကြာ ဖမ်းဆီးချုပ်နှောင်ထားရာမှ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်လွတ်ပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ လူငယ် ၂၉ ဦးမှာ ၂၀၂၁ ခုနှစ် မေလ ၁၅ရက်နေ့တွင် KIA တပ်မဟာ ၂ နယ်မြေဘက်မှ ပြန်လာခဲ့သည်ဟု ယူဆရသောကြောင့် တနိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် လူငယ် ၂၉ ဦးမှာ လီဒိုလမ်းမပေါ်ရှိ နောင်းမီနှင့်ဝါရာဇွပ်ကျေးရွာမှ ကချင်လူငယ်များဖြစ်ကြသည်။

ပြီးခဲ့သော ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီတပ်ဖွဲ့က မိုးကောင်းမှ တနိုင်းဘက်သို့ စစ်ရိက္ခာသယ်ယူခဲ့ရာတွင် လမ်းတစ်လျှောက် လဝါး၊ နှောင်းမီ၊ ဝါရာဇွပ်နှင့် ရှဒူးဇွပ် စသောကျေးရွာများတွင် ဆက်တိုက် ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button