တိုက်ပွဲသတင်း

ဖားကန့်လမ်းမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီတပ် ရုပ်အလောင်းတွေကို ယနေ့ ထုတ်ယူ

ဖားကန့် လမ်းမပေါ်မှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေတာ ၄ ရက်လောက်ကြာတဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီက ဖားကန့်လမ်းကိုပိတ်ပြီးတော့ တိုက်ပွဲမှာ သေဆုံးသွားတဲ့ အလာင်းတွေကို လာရောက်ထုတ်ယူနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂ရက်နေ့ကနေ ၅ရက်နေ့အထိ ဆိုင်းဖရာကျေးရွာ မြောက်ဘက် မာနော့မှော်အနီး လယ်တောတစ်နေရာမှာ ကားမိုင်းဘက်က တက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ ခန့်ကို KIA က ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် KIA တပ်ရင်း ၄၄ ဘက်ကလည်း မနေ့က နောက်ဆုတ်သွားတဲ့အတွက် စစ်ကောင်စီတပ်က ပြီးခဲ့တိုက်ပွဲမှာ ကျဆုံးသွာတဲ့ အလောင်း ၄၀ ကျော်ကို ဒီကနေ့မှာ လမ်းပိတ်ပြီး အလောင်းထုတ်ယူနေတာဖြစ်တယ်လို့ နမ့်ယာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က တိုက်ပွဲမှာကျသွားတဲ့ သူတွေရဲ့အလောင်းတွေသယ်ထုတ်နေတယ်။ ဒီမနက် ၉နာရီလောက်ကနေ နန့်ယားရွာအထက်မှာ အသွားအလာလမ်းတွေပိတ်ပြီး သယ်ထုတ်နေတယ်ပေါ့လေ။ အခုပြန်ကြားရသလောက်ဆိုရင် အလောင်းက ၂၀လောက်ကျော်လောက်လာကောက်သွားပြီ သူတို့လာကောက်တဲ့ထဲမှာ ပြောရရင် အရေးပါတဲ့သူတွေရဲ့အလောင်းလောက်ဘဲပါတယ်လို့ကြားတယ်။ သေသွားတဲ့သူတွေရဲ့အလောင်း လာကောက်တဲ့အချိန်မှာတောင် မသေဘဲ ပြန်လွတ်လာတဲ့ စစ်သား ၅၀ ဝန်းကျင်လောက်ရှိသေးတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပြတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့တဲ့ မာနော့မှော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၁ စီးအသုံးပြုပြီးတော့ ၄ ရက်အတွင်း ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  နန့်ယားကျေးရွာအနီး ကပ်မှော်ကျေးရွာက လူနေအိမ်အများအပြား ထိခိုက်ပြီး ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

သေဆုံးသွားသူ ၂ ဦးကတော့ အသက် ၈၇နှစ်အရွယ် ဒေါ် ပေါင်ထွမ်းခေါ်န် နှင့် အသက် ၈၂ နှစ်အရွယ် သင်းထောက် မဂျီဘရန်နန် ဖြစ်ပါတယ်။  ထိခိုက်ဒဏ်ရာ ရခဲ့သူတွေကတော့ အသက် ၅၂နှစ်အရွယ် ဝါ့ဂျေထုရာ၊ အသက် ၈၄ နှစ်အရွယ် အင်ဒေါင် ခေါန်တွမ် ၊ အသက် ၂၀ အရွယ် မရူဆိုင်းနန် နှင့် အသက် ၅၈ နှစ်အရွယ် ဦးခမ်းအောင်တို့ဖြစ်ပါတယ်။

ဒါ့အပြင် ၄ ရက်တာ တိုက်ပွဲအတွင်းမှာ PDF တပ်သား ၂ဦး နဲ့ KIA တပ်သားတစ်ဦး စုစုပေါင်း ၃ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကတော့ KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၄၄ နယ်မြေဖြစ်ပြီးတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် ရဟတ်ယာဉ် ၄စီးနဲ့ နန့်ယားကျေးရွာလယ်တော တစ်နေရာမှာ စစ်အင်အားလာချရတဲ့အဆင့်ထိရှိခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

Show More

Related Articles

Back to top button