တိုက်ပွဲ

ဗန်းမော်မြို့တွင် စစ်ကောင်စီနှင့် ဆက်စပ်သော နေရာများ ဖောက်ခွဲခံရမှု ပိုများလာ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏ လက်အောက်ခံဌာနရုံးများနှင့် ဆက်စပ်နေရာများတွင် ဖောက်ခွဲခံရမှု ပိုမိုများလာကြောင်း ဒေသခံများပြောသည်။

” ဒီမနက် ဖန်ခါးကုန်းရယ်၊ ဟန်တဲ၊ မြို့အဝင်တွေမှာ လက်နက်ကြီးတွေပစ်ခံရတာရှိတယ်။ မနေ့ညလည်း ရှမ်းရိုးရာသာသနာဝင်းအတွင်းဖွင့်ထားတဲ့ လောင်းကစားဝိုင်းမှာလည်း ဗုံးခွဲခံရတယ် အခုရက်ပိုင်းဖောက်ခွဲမူတွေ ပိုစိပ်လာတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဖောက်ခွဲခံရသောနေရာများမှာ ဖေဖော်ဝါရီလ ၆ရက်နေ့မှစကာ ဗန်းမော် စည်ပင်သာယာရုံး၊ ဖေဖော်ဝါရီလ ၆ရက်ည ရှမ်းရိုးရာသာသနာဝင်းနှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြို့အဝင်ဂိတ်အပါအဝင် သုံးနေရာခန့် လက်နက်ကြီးများ ဗုံးများဖြင့် ဖောက်ခွဲခံရကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ ဖောက်ခွဲရသည့်အ‌ကြောင်းအရင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ Bhamaw commando Force အဖွဲ့မှ ဖေဖော်ဝါရီလ ၆ရက်ည သတိပေးစာတစ်စောင်ထုတ်ပြန်ထားသည်။

” စည်ပင်ရုံးသွားခွဲတာကျတော့ ပြည်သူတွေတိုင်ကြားတာတွေ အများကြီးရှိတယ် ပြီးတော့ လောင်းကစားဝိုင်းကို ခွဲတာကျတော့ ဒီလောင်းကစားဝိုင်းတွေက စစ်တပ်ရဲ့ဝင်‌ငွေရနေတဲ့နေရာ အဲကြောင့် သတိပေးတဲ့အနေနဲ့ ‌လုပ်လိုက်တာဖြစ်တယ်” ဟု Bhamaw commando Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် BPDF မှလည်း ဗန်းမော်မြို့မှ စစ်ကောင်စီတပ်များအား ယနေ့မှစကာ စစ်မျက်နှာ စဖွင့်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

ဗန်းမော်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် ‌ကျေးရွာနေ ပြည်သူများကို PDF၊ NUG နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီး နေဆဲဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂၀၂၂ ဇန်နဝါရီလမှစကာ စစ်ကောင်စီတပ်သည် ရေကြောင်း၊ ကုန်းကြောင်းများအသုံးပြုကာ စစ်အင်အား ပိုမိုဖြည့်တင်းလာသည့်အပြင် နေရာအနှံ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနေဆဲဖြစ်သည်။

ထို့အတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကချင်တော်လှန်ရေးနေ့  မိန့်ခွန်းတွင်လည်း KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လမှ KIO သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအများပိုင်းနှင့် ပူးပေါင်းစည်းရုံးနေပြီ ဖြစ်ကြောင်း တစ်နိုင်ငံလုံး၌ တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

Show More

Related Articles

Back to top button