Covid-19 Reportingသတင်း

လိုင်ဇာ ကိုဗစ်-၁၉ ကူးစက်ခံရသူများတွင် အိုမီခရွန်အများဆုံးဖြစ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် covid-19 ကူးစက်ခံရသူများတွင် အိုမီခရွန် – Omicron အမျိုးအစား ကူးစက်ခံရသူမှာ ၇၀ ရာခိုင်နှုန်းထိ ပါဝင်နေကြောင်း လိုင်ဇာကိုဗစ်ကာကွယ်ရေးကော်မတီမှ သိရသည်။

“ ကျနော်တို့ ကိုဗစ် စတုတ္ထလိုင်းမှာ Positive ဖြစ်တဲ့သူ ၃ ပုံမှာ ၂ ပုံ ၊ ၇၀ % လောက်က အိုမီခရွန်ရောဂါ လက္ခဏာ ဖြစ်နေတာဆိုတော့ အရင်ကထက်ပိုပြီး ဂရုစိုက်ရမယ်။ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေလည်း အိုမီခရွန်ကို သိပ်မကာကွယ်ပေးနိုင်ဘူး။ ကူးစက်ခံရရင်လည်း အရမ်းကြီးမဆိုးဘူးပေါ့ ၊သေဆုံးမှုနှုန်းကိုလည်း လျော့ကျစေတယ်။ ဒီ ၂ ချက်က ဆေးထိုးထားတဲ့ အကျိုးဆက်ပေါ့။ ကာကွယ်ဆေးက ရိုးရိုးကိုဗစ်ရောဂါ Data အတွက်ပဲဆိုတော့ အိုမီခရွန်အတွက် ပိုပြီးဂရုစိုက်မှရမယ်။” KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကို ပြောသည်။

လက်ရှိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ တစ်နေ့လျှင် ၃ ဦးနှုန်း ရှိနေပြီး စာသင်ကျောင်းများမှ ဆရာမများထံလည်း covid-19 ပိုး စစ်ဆေးတွေ့ရှိခဲ့သောကြောင့် ကိုဗစ်ကော်မတီမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို ယခင်ထက် လိုက်နာကြရန် တိုက်တွန်းထားသည်။

ကိုဗစ် Positive ဖြစ်သည့် လူနာများနှင့် ဆက်စပ်လူနာများအား Swab စစ်ဆေးသွားမည်ဖြစ်ပြီး ကျန်းမာရေး အခြေအနေဆိုးသည့် လူနာများကို မုန်လိုင်ခက် ကိုဗစ် Quarantine Center သို့ ပို့ဆောင်မည်ဖြစ်ကာ ကျန်းမာရေး ကောင်းမွန်သည့် လူနာများကို Home Care အနေဖြင့် စောင့်ကြည့်ကုသမှု လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ဆိုသည်။

“ အရင်နေ့က အလယ်တန်းကျောင်းက ဆရာမ ၄ ယောက်မှာ ရောဂါတွေ့တယ်။ အခုတစ်လောက ကျနော်တို့ဒေသမှာ အိုမီခရွန်က ပျံ့နေပြီဆိုတော့ မိမိကိုယ်ကို ကာကွယ်ရမယ်။ Positive လူနာ အရမ်းကြီးဖျားနာလာတဲ့သူတွေကိုတော့ မုန်လိုင်ခက်ဆေးရုံကို ပို့ပြီးဆေးကုသပေးတယ်။ သိပ်အဆိုးကြီး မဟုတ်ရင်တော့ အိမ်မှာ Home Care လုပ်ပြီ စောင့်ကြည့် ကုသပေးနေတယ်။ အခုတော့ အများစုက မုန်လိုင်ခက် Quarantine Center ကို ပို့တာများတယ်။” ဟု KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု မရှိသောကြောင့် Lockdown ဖြည်လျော့ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှစ၍ ယနေ့အထိ အိုမီခရွန် – Omicron အမျိုးအစား covid-19 ပိုး ကူးစက်ခံရသူများ ထပ်တိုး လျက်ရှိနေသည်။

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အကြိမ်ပြည့်ထိုးပြီးသူ ဦးရေ ၂ သောင်း ဝန်းကျင်ခန့်ရှိပြီး ကိုဗစ် Quarantine Center များတွင် ကွာရန်တင်း ခံယူနေသူစုစုပေါင်း ၅၀ ဝန်းကျင် ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button