သတင်း

မြစ်ကြီးနား၊ ဝိုင်းမော်တွင် ဧပြီလအတွင်း မီးရရှိမှု ပိုနည်းလာမည်

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် လာမည့် ဧပြီလမှစ၍ လျှပ်စစ်မီးရရှိနိုင်မှု ပိုမိုခက်ခဲလာနိုင်ကြောင်း မြစ်ကြီးနားမြို့ ဘူးဂါးလျှပ်စစ်ရုံးမှ သိရသည်။

လက်ရှိကာလ ဘူးဂါးလျှပ်စစ်ရုံးအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားစနစ်ဝယ်ယူမှု မလုံလောက်ခြင်းနှင့် ဘူးဂါးရေအားလျှပ်စစ်လုပ်ငန်းမှ နွေရာသီကာလ ရေခမ်းခြောက်လာသောကြောင့် လျှပ်စစ်မီး ပိုမိုပြတ်တောက်လာနိုင်ကြောင်း ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ အစိုးရ ဓာတ်အားစနစ်ကနေလဲ ဝယ်တယ်။ နောက်ပြီး ကျနော်တို့ ဘူးဂါးကုမ္ပဏီကရှိတဲ့ အထက် မလိခ ၊ အောက်မလိခက မီးစက် ၂ ခု ကနေလည်း ပေါင်းပြီးတော့ ပေးနေတာဖြစ်တယ်။ အခုက အစိုးရကနေ ဝယ်ချင်သလောက် မရနိုင်ဘူး ဖြစ်နေတယ်။ ဘူးဂါးကုမ္ပဏီက မီးစက် ၂ လုံးကလည်း နွေရာသီရောက်လာပြီ ဆိုတော့ ရေကျလာတာကြောင့် မီးအားလုံလုံလောက်လောက်မရဘူး။ တစ်ချို့ရပ်ကွက်တွေမှာ တစ်နေ့ကို အနည်းဆုံး ၆ နာရီတော့ မီးပျက်တယ်။ အခု ပိုခက်လာမှာက ဧပြီလကစပြီးတော့ ကျနော်တို့ နေ့လည်ဆို မီးတောင်မပေးနိုင်တော့တဲ့ အခြေအနေဖြစ်လာနိုင်တယ်။” ဟု ပြောသည်။

NLD အစိုးရလက်ထက်မှ လက်ရှိချိန်ထိ အများပြည်သူသုံးလျှပ်စစ်မီတာခများကို ၁ ယူနစ်မှ ၃၀ ယူနစ်ထိ နှုန်းထား ၃၅ ကျပ် ၊ ၃၁ယူနစ်မှ ၅၀ယူနစ်ထိ နှုန်းထား ၅၀ ကျပ် ၊ ၅၁ယူနစ်မှ ၇၅ယူနစ်ထိ နှုန်းထား ၇၀ ကျပ် ၊၇၆ယူနစ်မှ ၁၀၀ယူနစ်ထိ နှုန်းထား ၉၀ ကျပ် ၊၁၀၁ယူနစ်မှ ၁၅၀ယူနစ်ထိ နှုန်းထား ၁၁၀ ကျပ် ၊၁၅၁ယူနစ်မှ ၂၀၀ယူနစ်ထ နှုန်းထား ၁၂၀ ကျပ် နှင့် ၂၀၁ယူနစ်နှင့် အထက်ကို နှုန်းထား ၁၂၅ ကျပ်ဖြင့် ကောက်ခံနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နွေရာသီကာလတွင် ဘူးဂါးလျှပ်စစ်ကုမ္ပဏီအနေဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄၀ ခန့်ရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၂ ခုနှစ်၌ ၇ မဂ္ဂါဝပ်ထိသာ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

“ နိုင်ငံတော်ဓာတ်အားစနှစ်ကနေ ကျနော်တို့က ၁ ယူနစ်ကို ၁၀၀ ကျပ်နဲ့ ဝယ်ရတယ်။ ကျနော်တို့ ဝယ်ရင် စာချုပ်မှာ လိုအပ်သလောက်ဝယ်ယူတယ်ဆိုပေမယ့် အခုက လိုသလောက်က မရတော့ဘူး။ ကျနော်တို့ ဘူးဂါးကုမ္ပဏီက ၇ မဂ္ဂါဝပ်လောက်ပဲ ထုတ်ပေးနိုင်တယ်။ နောက်ပြီး အစိုးရကနေ ဝယ်ရမယ့် မဂ္ဂါဝပ်ကိုလည်း ဝယ်ချင်သလောက် မရဘူး။ ကျနော်တို့ မနှစ်က ရေကျတဲ့ နွေရာသီမှာတောင် မဂ္ဂါဝပ် ၃၀ နဲ့ ၄၀ ကြား ဝယ်ယူပြီး ပေးနေတာဖြစ်တယ်။ ဒီနှစ်က မဂ္ဂါဝပ် ၂၀ ကျော်လောက်ပဲ ဝယ်ယူနိုင်မယ်။ ဒါတောင်မှ အတိအကျ မဝယ်နိုင်သေးဘူး။” ဟု ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက KNG ကချင်သတင်းဌာနကို ဆက်ဆိုထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များတွင် လျှပ်စစ်မီတာခ ပေးဆောင် သူများနှင့် မီတာခ မပေးဆောင်သူများ ရှိသော်လည်း ဘူးဂါးလျှပ်စစ်ရုံးမှ လက်ရှိချိန်ထိ မီးဖြတ်တောက်ခြင်းမျိုးမပြုလုပ်ဘဲ လျှပ်စစ်မီတာခ မပေးဆောင်သည့်နေအိမ်များသို့ အသိပေးစာများ ပေးပို့ခြင်းကိုသာ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ဖြတ်တောက်မည်ဖြစ်ကြောင်း စစ်ကောင်စီက မတ်လ ၆ ရက်နေ့က ကြေညာထားသည်။

Show More

Related Articles

Back to top button