သတင်း

ကသာနယ်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်အင်အားတိုးချဲ့မှုပိုမိုများပြားလာ

စစ်ကိုင်းတိုင်း၊ ကသာနယ်တွင် စစ်ကောင်စီတပ်မှ မတ်လ ၃ ရက်နေ့မှစတင်ကာ အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ရေးပြင်ဆင်မှုအပြင် စစ်အင်အားတိုးချဲ့လှုပ်ရှားမှုများ ပိုများလာကြောင်း မြေပြင်သတင်းများအရ သိရသည်။

“တခါမှမမြင်ဖူးတဲ့မျက်နှာစိမ်းလူတွေ လိုင်းကားတွေနဲ့ဝင်လာတာ သတိထားမိတယ်။ တကယ်တော့ ကျွန်တော်တို့မြို့က သွားရင်းဟန်လွဲ လမ်းတိုက်တယ်ဆိုတာမရှိဘူး အသေချာဝင်လာတယ်ဆိုတာသိသာတယ် “ဟု ဒေသတွင်းသတင်းအရင်းမြစ်အရသိရသည်။

အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက် မြို့တွင်းသို့ ၁၂ဘီးကား၊အိမ်စီးကားများဖြင့် ဝင်ရောက်မူများရှိလာသည့်အပြင် မတ်လ ၈ ရက် ယမန်နေ့ည ၈နာရီခွဲခန့် စစ်ကောင်စီတပ်အင်အား တစ်ရာကျော်ခန့်ပါသည့် ၁၂ ဘီးကားတစ်စီးသည် နဘားဖက်မှတဆင့် ကသာမြို့သို့ ဝင်ရောက်လာပြီး ကသာနယ်အထက်ဖက်ရှိ ကျေးရွာအချို့ရှိ ဘုန်းကြီးကျောင်းများတွင် တပ်ဖြန့်နေရာယူထားကြောင်းလည်းသိရသည်။

“အရင်ကဆို အခုလိုကားလမ်းကနေ မြို့တွင်းဝင်လာပြီး အင်အားဖြည့်တာ မရှိသလောက်ဘဲ အင်တာနက်ဖြတ်ပြီးနောက်ပိုင်း ၁၂ဘီးကားတွေ၊ အိမ်စီးကားတွေနဲ့ ဝင်တာလာတာရှိတယ်”ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင်လည်း ကသာမြို့ အမှတ် ၂ ရဲစခန်းဝင်းအတွင်းတွင် စစ်ကောင်စီတပ်မှ ပျူစောထီးအပါအဝင် စစ်တပ်ထောက်ခံသူ၊ ဒလန်အချို့တို့အား လက်တွေ့မိုင်းသင်တန်းများပေးခြင်းများရှိခဲ့ပြီး လက်ရှိတွင် ဒေသခံမဟုတ်သည့် လူစိမ်းများ ဒေသတွင်းဝင်ရောက်လာမှုများ ပိုမိုများသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။

လတ်တလော ကသာမြို့တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်မှုများရှိနေပြီး လာမည့် မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်​နေ့အထိ ကသာမြို့နယ်အတွင်း လျှပ်စစ်မီးများ လုံးဝဖြတ်တောက်ထားမည်ဖြစ်ကြောင်း မြို့ခံပြည်သူများအကြား သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၅၂ မြို့နယ်ရှိသည့်အနက် မုံရွာ၊ ရွှေဘို၊ ကလေး၊ ရွှေဘိုမြို့နယ်မှ လွှဲ၍ ကျန်သည့်မြို့နယ်များသည် စစ်ကောင်စီတပ်မှ အင်တာနက်ဖြတ်တောက်ထားပြီဖြစ်သည်။

Show More

Related Articles

Back to top button