တိုက်ပွဲ

ကချင်သို့ အင်အားတိုးချဲ့လာသောယာဉ်တန်း တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ် ၇၀ ဦးခန့် ကျဆုံး၊ စစ်ကား ၉ စီးပျက်စီး

စစ်ကိုင်းမှ ကချင်ပြည်နယ်သို့ လေယာဉ်ဆီအပါအဝင် စစ်ရိက္ခာသယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ လမ်းတလျောက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များတွင် စစ်ကောင်စီဘက်မှ အယောက် ၇၀ ဦး ထက်မနည်း ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ခဲ့သည်ဟု သိရသည်။

ထီးချိုင့်ဘက်မှ တက်လာသော စစ်ကောင်စီယာဉ်တန်းကို မတ်လ ၄ ရက်နေ့မှစပြီး ကသာခရိုင်နှင့် မိုးညှင်းခရိုင်တွင် KIA နှင့် PDF တပ်မှ ၅ ရက်အတွင်း ၈ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်တွင် စစ်ကောင်စီဘက် ၇၀ ဦး သေဆုံးပြီး စစ်ကား ၉ စီး ပျက်စီးသွားသည်ဟု KIA ရှေ့တန်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

“ကသာခရိုင်မှာ ၂ကြိမ်လောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်။ နောက် စစ်ယာဉ်တန်းက ၅ရက်နေ့ မိုးညှင်းဘက် ရောက်လာတယ်။ မိုးညှင်းမှာက ၅ကြိမ်လောက်ထပ်မံဖြစ်ပွားခဲ့တယ်။ အဲ့ဒီစစ်ယာဉ်တန်းက ၉ရက်နေ့က မြစ်ကြီးနားမြို့ဘက်ကို ရောက်သွားတယ်။ တိုက်ခိုက်ခံရတဲ့ ၅ ရက်လောက်မှာ သူတို့ဘက်က ၇၀ ယောက်သေဆုံးနိုင်တယ်။ ပြီးရင်ကျနော်တို့ဘက်ကတော့ ၇ယောက် အသက်ဆုံးရှုံးလိုက်ရတယ်” ဟု ပြောဆိုသည်။

စစ်ယာဉ်တန်း တိုက်ခိုက်ခံရသောနေရာများမှာ မတ်လ ၄ ရက်နေ့ မော်လူးနှင့် ပင်ဝယ်ကြားတစ်ကြိမ်၊ နဘားနှင့် ပင့်တင်ကြား တစ်ကြိမ်၊ မော်ဟေးနှင့် မော်ဟန်ကြားတစ်ကြိမ်၊ မတ်လ ၇ရက်နေ့ နန်းမားမြို့အနီး တစ်ကြိမ်၊ ၈ ရက်နေ့ မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်း တစ်ကြိမ်၊ နမ္မန နှင့် တောင်နီ ကြားတစ်ကြိမ်နှင့် မိုးကောင်းမြို့အဝင်အနီးတွင် တစ်ကြိမ် စသဖြင့် စုစုပေါင်း ၈ ကြိမ် ထက်မနည်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကသာခရိုင် နဘား နှင့် ပင့်တင်ကြား၊ မိုးညှင်းခရိုင် နန်းမားမြို့အနီး စသော ၂ နေရာတွင် စစ်ကောင်စီဘက်မှ ကျဆုံးမှု ၄၀ ဦးခန့်ထိ ရှိခဲ့သည်ဟု သိရသည်။ နန်းမားတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF မှလည်း ၇ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

“နန်မားမှာဖြစ်တဲ့ တိုက်ပွဲမှာက ကျနော်တို့ဘက်က PDF ၇ယောက် ကျဆုံးသွားတယ်။ ၇ယောက်ထဲမှာက ၄ယောက်က တိုက်ပွဲမှာကျသွားတယ်။ နောက် ၂ယောက်က သူတို့ဘက်က ဖမ်းမိပြီး အရှင်လတ်လတ်သတ်ဖြတ်ပေးလိုက်တယ်။” ဟု ရှေ့တန်း KIA တာဝန်ရှိသူတစ်ဦး ပြောသည်။

မတ်လ ၈ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီဝန်းကျင် မိုးညှင်းတက္ကသိုလ်ဝန်းတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို KIA နှင့် PDF တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင်လည်း စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၈ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၈ ရက်နေ့ နံနက်ပိုင်း ၇နာရီခန့်တွင်လည်း စစ်ကောင်စီယာဉ်တန်း မိုးကောင်းမြို့နယ်ဘက်သို့ ပြန်တက်လာခဲ့ရာ နမ္မနနှင့်တောင်နီကြားတွင် ထပ်မံပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က စစ်ကား ၄ စီးနှင့် တပ်သား ၇ဦး သေဆုံးသွားကြောင်း သိရသည်။

နမ္မနနှင့် တောင်နီကြားတွင် တိုက်ခိုက်ခံရပြီးနောက် ည ၉နာရီဝန်းကျင်တွင် မိုးကောင်းမြို့အဝင်နား ထပ်မံတိုက်ခိုက်ခံရသောကြောင့် စစ်ကား ၂စီး ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၄ဦး ထပ်မံ သေဆုံးခဲ့သည်။

အဆိုပါစစ်ယာဉ်တန်းသည် စစ်ကိုင်းတိုင်းဘက်မှ စထွက်လာချိန် စစ်ကား ၂၇စီး ပါဝင်သည်။ ထိုအထဲ လေယာဉ်ဆီအပါအဝင် စစ်လက်နက်များနှင့် စစ်ရိက္ခာများပါဝင်သည်ဟု ရှေ့တန်းသတင်းအရ သိရသည်။ နောက်ဆုံး မြစ်ကြီးနားမြို့သို့ စစ်ကား ၁၅ စီးခန့်သာ ရောက်ရှိလာကြောင်း သိရပါသည်။

Show More

Related Articles

Back to top button