မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရွှေညောင်ပင် ကျေးရွာပြည်သူများထံမှ စစ်တပ် သိမ်းယူထားသော မြေနေရာများကို ခြံစည်းရိုးကာရန် ပြင်ဆင်နေ

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် ခမရ ၃၂၁ စစ်တပ်မှ မတရားသိမ်းဆည်းထားသော ဒေသခံများ၏ မြေယာများကို မတ်လ ၈ ရက်နေ့မှစပြီး ခြံစည်းရိုးကာရန် ကျောက်တိုင် စိုက်ထူလာသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် ရွှေညောင်ပင်ကျေးရွာ အခြေစိုက် ခမရ ၃၂၁ တပ်ရင်းမှ ဒေသခံများ၏ အိမ်ခြံမြေ၊ လယ်ယာမြေ၊ တောင်ယာမြေ နှင့် သချိုင်းမြေ ဧက ၁၀၀ ကျော်ကို တပ်ပိုင်ကျူးကျော်မြေအဖြစ် သိမ်းယူထားခြင်းဖြစ်ပြီး ယခု ခြံစည်းရိုးကာရန် စတင်ဆောင်ရွက်နေပြီဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“သူတို့တပ်ပိုင်မြေအဖြစ် သိမ်းထားတဲ့နေရာမှာ ဒေသခံတွေရဲ့လူနေအိမ်တွေပါတယ်။ တောင်ယာ၊ လယ် အကုန်ပါတယ်။ ဒါတွေကို ပြန်ရမှသာ ကျနော်တို့ လုပ်ကိုင်စားသောက်လို့မှာ။ ဒါကြောင့် တာဝန်ရှိတဲ့ အကြီးအကဲတွေ အမှန်ဖြေရှင်းပေးကြပါ” ဟု ရွှေညောင်ပင် မြေသိမ်းခံရသည့် ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုသည်။

ရွှေညောင်ပင် ဒေသခံများ၏ မြေယာများ စစ်တပ်နယ်နမိတ်ထဲပါဝင်သည်ဟုဆိုကာ ၂၀၁၆ ခုနှစ်တွင် စစ်တပ်မှ သိမ်းပိုက်လာခြင်းဖြစ်ပြီး ဒေသခံများလည်း ၎င်းတို့ မြေယာမြေနေရာများကို ပြန်လည်ရရှိရန်အတွက် NLD အစိုးရလက်ထက် ၂၀၁၇ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရဖွဲ့နှင့် နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစားပေးပို့ခဲ့သည်။

စစ်တပ်မှ သိမ်းယူထားသော ရွှေညောင်ပင်ဒေသခံများ၏ မြေယာနှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှ ဒေသခံများထံ “၁၉၉၁ ခုနှစ် ခမရ ၃၂၁ တပ်ရင်းမှ တပ်မြေအဖြစ် သိမ်းယူခဲ့စဉ် ၎င်း မြေယာများမှာ မြေလွတ်မြေရိုင်း ဖြစ်နေသည့်အတွက် နစ်နာကြေးပေရန် သို့မဟုတ် စွန်လွတ်မည် မဟုတ်ကြောင်း” ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် မြေယာသိမ်းခံရသည့် ဒေသခံများကို ပြောဆိုမှုများရှိခဲ့သည်။

ထို့နောက် ၂၀၂၀ ခုနှစ်တွင် ဒေသခံများမှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်ကြီး မင်းအောင်လှိုင်းထံသို့ ထပ်မံ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့သော် အကြောင်းပြန်မှုမရဘဲ အာဏာသိမ်းပြီးနောက် ယခုအပတ်တွင် တပ်သိမ်းမြေများကို ခြံစည်းရိုးကာရန် ပြုလုပ်လာခြင်းဖြစ်သည်။

စစ်တပ်မှ သိမ်းယူထားသော ဒေသခံများ၏ မြေနေရာတွင် အိမ်ခြံမြေ ၁၀ ဧက၊ လယ်ယာမြေ ၄၅ ဧက၊ တောင်ယာစိုက်ခင်း ၄၆ ဧကနှင့် သင်္ချိုင်းမြေ ၈ ဧက စသဖြင့် စုစုပေါင်း ၁၀၉ ဧကအထိရှိကြောင်း သိရသည်။ ထိုအထဲ ကျေးရွာနေအိမ် နှင့် မူကြိုကျောင်းများပါဝင်နေသည်။

ရွှေညောင်ပင်ကျေးရွာကို ၁၉၈၄ခုနှစ် မတိုင်မှီ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ခမရ ၃၂၁ တပ်ရင်းကို စတင်အခြေစိုက် တည်ထောင်ခဲ့သည်ဟု ဒေသခံများပြောဆိုချက်အရ သိရသည်။

စစ်တပ်သည် ဒေသခံများထံမှ မြေယာများသိမ်းယူပြီး ထိုနေရာတွင် တရုတ်သစ်သျှူးငှက်ပျောများကို စိုက်ပျိုး ထားကြောင်း သိရသည်။

ရွှေညောင်ပင် ခမရ ၃၂၁ စစ်တပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ တပ်ရင်း ၃ နယ်မြေတွင် တည်ရှိပြီး ခရီးသွားများကို စစ်ဆေးဖမ်းဆီးမှုပြုလုပ်နေသော စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button