သတင်း

မြို့လှ PDF ခေါင်းဆောင်ကို  KIA ဖမ်းဆီးထားသည်ဆိုသော သတင်းအမှား

ကသာဒေသခံများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မြို့လှ PDF ခေါင်းဆောင်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ လက်နက်ဖြုတ် ဖမ်းဆီးထားသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း မြို့လှ PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အဲသတင်းက လုံးဝမဟုတ်ပါဘူး။ သတင်းအမှားတွေပါ ကျနော်တို့အားလုံးက စည်းစည်းလုံးလုံးနဲ့ ဒီတော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု မြို့လှ PDF တာဝန်ရှိတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စသည် သတင်းအမှားသာဖြစ်ကြောင်း  မြို့လှ PDF အဖွဲ့၏ လူမူကွန်ယက်စာမျက်နှာတွင် မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

မြို့လှ PDF တပ်ဖွဲ့သည် ကသာ ရွှေကူမြို့နယ် တစ်ဝိုက် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ယခုလို သတင်းအမှားဖြင့် တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း မြို့လှ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ကျနော်တို့ကို သတင်းမှားတွေနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ အဲကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ Page ကနေလည်း သတင်းမှားဖြစ်ကြောင်း ဖော်ပြထားပါတယ်” ဟု မြို့လှ PDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ သတင်းအမှားကို မတ်လ ၁၁ရက်နေ့မှ Manawn May အကောင့်၊  မုံရွာသတင်းနှင့် သတင်းစုံ page တို့တွင်ဖော်ပြထားပြီး  “မြို့လှ PDF တပ်ရင်းသည် အမိန့်မရဘဲ အခြား PDF တွေနှင့် စစ်ရေးလှုပ်ရှားခြင်း၊ ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံခြင်း တို့ကြောင့်မတ်လ ၈ ရက်နေ့ KIA ခေါင်းဆောင်အချိူ့နှင့် NUG လက်အောက် မြို့လှ PDF ခေါင်းဆောင်တွေ့ဆုံအပြီး မြို့လှ PDF ခေါင်းဆောင်ကို  KIA မှ ဖမ်းဆီးထားကြောင်း၊ ဒါ့အပြင် KIA တပ်မဟာ ၈ ဌာနချူပ်နေရာကို NUG မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်အဖြစ်ပေးအပ်မည်ဟု သတင်းထွက်ပေါ်တာကြောင့် KIA တပ်ဖွဲ့၀င်များ မကျေမနပ်ဖြစ်နေဟု” အစရှိသည့် သတင်းအမှားများ ပျံ့နှံ့လာခဲ့သည်။

မြို့လှ PDF တပ်ဖွဲ့သည် NUG, KIA နှင့် ချိတ်ဆက်ထားကာ  ရွှေကူ မြို့လှတစ်ကျောတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။

ယခုရက်ပိုင်းကလည်း စစ်ကောင်စီ သင်္ဘောလုံခြုံရေး ယူပေးရန် စစ်ရေးလှုပ်ရှားလာသော စစ်ကြောင်းကို မြို့လှ PDF အဖွဲ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button