ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှုတွင် ဝန်ထမ်း ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်စိမ်းလုပ်ကွက်တစ်ခု ယမန်နေ့ ည ပေါက်ကွဲမှုတွင် ကုမ္ပဏီဝန်ထမ်း အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၇ ရက်ည ၈ နာရီခွဲခန့် မှော်မောင်းလျှံစိမ်း ရွှေဝင်းကုမ္ပဏီလုပ်ကွက်တွင် ပေါက်ကွဲခဲ့ရာ ကုမ္ပဏီဝန်ထမ်း အမျိုးသား ၅ ဦး ထိခိုက်ပြီး လတ်တလောဆေးကုသမှု ခံယူနေကြောင်း ဖြစ်စဥ်သိ ဖားကန့်မြို့ အေးမြသာယာရပ် ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
”ထိတဲ့လူက ငါးယောက်ရှိတယ် လတ်တလော မြဝတ်ရည် ဆေးရုံ မှာဆေးကုသမှုခံ ယူနေတယ် ဒဏ်ရာကတော့ ပြင်းပြင်း ထန်ထန်တော့မရှိဘူး။ ပေါက်ကွဲမှုဖြစ်ပြီးမှ ခဲမှန်တဲ့ ပုံစံလောက်ပဲ” ဟု ယင်းအမျိုးသားက ပြောသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သူများမှာ ကိုပိုင်ဇာမင်းထက် (၂၀)နှစ် ၊ ကိုဝေယံဦး (၁၉)နှစ်၊ ကိုကျော်ခိုင်ဝင်း( ၃၀ )နှစ်၊ ကိုစည်သူ (၃၉)နှစ်၊ ကိုဇော်မင်းအောင် (၂၂)နှစ် တို့ဖြစ်ပြီး ၎င်းတို့သည် လုပ်ကွက်အတွင်း၌အလုပ်လုပ်နေစဥ် ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
”ကွဲတာကတော့ တစ်ချက်ပဲကွဲတယ် ဘာကွဲတယ်ဆိုတာတော့ခုချိန်ထိအတိအကျမသိ ကရသေးဘူး။ တချို့ကတော့လက်နက်ကြီးကျတာပြောတယ် လက်နက်ကြီးကတော့မဖြစ်နိုင်ဘူး တချို့ပြောကတော့ မိုင်းကွဲတာလို့ပြောတယ် အတည်ပြုလို့မရသေးဘူး” ဟု ဖားကန့်မြို့နေအမျိုးသားတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုနှင့်ပတ်သက်ကြီး KNG သတင်းဌာနက ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ယင်းပေါက်ကွဲမှုသည် ဖားကန့်တွင် စစ်ကောင်စီက ကျောက်စိမ်းအရိုင်းတုံးများတူးဖော်ခွင့်ကို တားမြစ်လိုက်ကြောင်း ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်းမြေပြင်တွင် ဆက်လက်တူးဖော်မှုရှိနေဆဲဖြစ်ကြောင်း ပြသနေသည်ဟု ဒေသခံများပြောဆိုနေကြပါသည်။