အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းသော စစ်သား ထိန်းသိမ်းခံရပြီးနောက် အခြား စစ်သား ၃ ဦးကို ပစ်သတ်ကာ ထွက်ပြေး
ကွတ်ခိုင်မြို့ အနီး ကချင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားတစ်ဦး အဓမ္မပြုကျင့်ရန် ရိုက်နက်နေစဉ် တပ်အချင်းချင်း ထိန်းသိမ်းရန်ကြိုးစားခဲ့သော်လည်း အဆိုပါ စစ်သားသည် အခြား စစ်သား ၃ ဦးကကို ထပ်မံ ပစ်သတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီခန့် ကွတ်ခိုင်မြို့အနီး ဟူနှောင်း ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး ကျေးရွာတွင် ယာယီ တပ်ချနေသည့် စစ်ကောင်စီတပ် မှ တပ်သားတစ်ဦးက အသက် ၅၀ ကျော်အရွယ် ဒေသခံ ကချင်အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီမနက် ၉ နာရီ လောက်မှာ အဲ့ဒီအမျိုးသမီးက သူ့အစ်ကိုတို့ခြံမှာ အလုပ်သွားကူဖို့သွားတာ ဒီနေ့အလုပ်မလုပ်တော့ဘူးပြောလို့ ပြန်ခေါက်လာတာကို အဲ့နားမှာ ကင်းစောင့်နေတဲ့ စစ်သားက အရက်လည်း နည်းနည်းသောက်ထားမယ်ထင်တယ်၊ သူ့နောက်ကနေ လိုက်ပြီး လိုက်ဆွဲတာပေါ့။ စော်ကားဖို့ ကြံတာပေါ့။ အဲ့အမျိုးသမီးက ကြောက်ပြီး အော်ဟစ်တော့ မအော်နဲ့ ဆိုပြီး၊ လည်ပင်းညှစ်ပေး၊ နားအူတွေ ပိတ်ရိုက်ပေးပြီး ခေါင်းတွေထုပေးတယ်ပြောတယ်။ အဲ့ဒီကနေ အော်ပြီး လွတ်အောင်ပြေးပြီး အိမ်ရှေ့ထိ ပြေးလာနိုင်တော့ အဲ့ဒီထိ ပြန်မိပြီး မြေကြီးပေါ် တွန်းလဲ ဖိထားလိုက်ပြီး ခေါင်းတွေ ရိုက်ပေး၊ ပါးတွေရိုက် အဲ့လို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းနေစဉ်မှာပဲ အနီးနားရှိတဲ့ သူတချို့က အော်သံကြားလိုက်သလိုပဲ ဆိုပြီး လာခဲ့ကြတော့ အဲ့မှာ အဓ္ဓမ မပြုကျင့်လိုက်နိုင်တရုံပဲ ပြန်လွတ်ခဲ့တာ ဖြစ်တယ်။” ဟု ကွတ်ခိုင်ဒေသခံ တစ်ဦး က ပြောသည်။
ဒေသခံ ကချင်အမျိုးသမီးကို ရိုက်နှက်ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကြောင်းမှူးအရာရှိများထံသို့ သွားရောက် တိုင်ကြားခဲ့သောကြောင့် စစ်တပ်ဘက်မှ နစ်နာသူ အမျိုးသမီးအတွက် ငွေကျပ် ၁ သိန်းပေးပြီး ကြေအေးပေးရန်လည်း တောင်းဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ ပြစ်မှု ကျူးလွန်သော တပ်သားကို ဖမ်းဆီးချူပ်နှောင်ထားခဲ့ပြီး ယနေ့ညနေပိုင်း ၅ နာရီခန့်တွင် ချည်ထားသည့်ကြိုး ဖြည်ပေးလိုက်စဉ် ၎င်းစစ်သားက အခြား စစ်ကောင်စီတပ်သား ၃ ဦးကို ပစ်သတ်ပြီး ထွက်ပြေးသွားသည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ အဓမ္မပြုကျင့်ခံရလုနီးပါး ဖြစ်ခဲ့သည့် အမျိုးသမီးအတွက် ပြဿနာဖြေရှင်းရန် ဒေသခံရွာလူကြီးများ နှင့် စစ်တပ်ဘက်မှ အရာရှိများ ညှိနှိုင်းနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ရွာက သက်ဆိုင်တဲ့ လူကြီးတွေ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတာဟုတ်တယ်၊ အဲ့တာကို ဒီညနေ ၅ နာရီလောက်က သေနတ်သံတွေ ၁၀ ချက်လောက်မည်ပြီး ရွာသားတွေတောင် လန့်သွားကြတာ၊ သေနတ်ပစ်ဖောက် ခြောက်တယ်ပဲထင်ပြီး ရပ်နေစဉ်မှာပဲ စစ်သားတွေက ဟိုဘက်ပြေးသွားပြီ၊ပြေးသွားပြီ။ ကျနော်တို့ တပ်သား ၃ ယောက်ကိုလည်း ပစ်သတ်ထားပြီး ပြေးသွားပြီ လို့အော်ပြီး သူတို့လည်း လိုက်သွားတာ၊ အဲ့တာနဲ့ ဒီပြဿနာက အဲ့မှာပဲ ရပ်နားပြီး ရွာက သက်ဆိုင်တဲ့ လူကြီးတွေလည်း အပြီးမသတ်နိုင်ပဲ ပြန်သွားကြတာပေါ့။ အခုက စစ်တပ်ဘက်လည်း ထွက်ပြေးသွားတဲ့ စစ်သားကို လိုက်ရှာနေဆိုတော့ မနက်ဖြန်မှာ ဘယ်လိုပြန်ဖြစ်မယ်မသိဘူး။ ဘာမှ မသိသေးဘူးပေါ့။” ကွတ်ခိုင်ဒေသခံတစ်ဦးက ဆက်ပြောသည်။
အဓမ္မပြုကျင့်ရန် ကြိုးပမ်းခံရသူ အမျိုးသမီးမှာ စစ်သားရိုက်နှက်ထားသည့် ဒဏ်ရာ ဒဏ်ချက်များကြောင့် ဆေးကုသရန် လိုအပ်နေကြောင်း သိရသည်။
ကွက်ခိုင်မြို့မှ ၁၀ မိုင်ခန့်အကွာရှိ ဟူနောင်ကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ပြီးခဲ့သည့် ရက်ပိုင်းခန့်ကပင် လားရှိုးဘက်မှ တက်လာပြီး ကျေးရွာအတွင်း ယာယီတပ်ချထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီ ခမရ ၃၃၆ မှ စစ်သား ၁ ဦးက ကွတ်ခိုင်မြို့နယ် ဖာခေတ်ရွာက အသက် ၆၂ နှစ် အရွယ် အမျိုးသမီးကြီးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီးနောက် ရိုးရာဖြင့် လာရောက် တောင်းပန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်းလန့် (Numlang) ကျေးရွာမှ အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးကိုလည်း ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးမှ အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပါသည်။