သတင်း

မြစ်ကြီးနား သင်္ကြန်ပွဲ လည်ပတ်သူ မရှိသလောက် နည်းပါး

စစ်ကောင်စီက မြစ်ကြီးနားမြို့တွင် ဗဟိုမဏ္ဍပ်များတည်ဆောက်ကာ သင်္ကြန်ပွဲတော်အတွက် စည်စည်း ကားကား ကျင်းပရန် စီစဉ် ထားသော်လည်း လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးနေကြောင်း သိရသည်။

မြစ်ကြီးနား လမ်းလျှောက်သင်္ကြန်အတွက် ပြည်သူ့ရင်ပြင်တွင် ပြင်ဆင်ထားပြီး ဗဟိုမဏ္ဍပ်ကို ပြည်နယ်အစိုးရအဖွဲ့ ရုံးရှေ့တွင် ၂ ခု နှင့် စုပေါင်းရုံးရှေ့တွင်တစ်ခု တည်ဆောက်ထားသော်လည်း ယနေ့ လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးနေကြောင်း မြစ်ကြီးနားမြို့နေ အမျိူးသမီးတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“လမ်းလျှောက်သင်္ကြန် လုပ်တဲ့ဘက်တွင် ခုနကပဲ ရောက်ဖြစ်တယ်။ လူကအရမ်းကြီးမရှိဘူး ရှိတော့ရှိတယ်။ လူပါးတယ် နည်းတယ် အထဲမှာဆိုရင်နည်းနည်းလေးပဲရှိတယ် ရေဆော့နေကြတာ မြို့ထဲလမ်းတွေမှာလည်း လူတောင်နည်းနည်းရှင်းတယ် ပုံမှန်လိုပဲသွားလာနေကြတာ”ဟု မြစ်ကြီးနားမြို့တွင်း လှည့်လည်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင် ယမန်နေ့ညက ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယနေ့ နေ့ခင်းပိုင်းတွင်လည်း ခရိုင်ကြံ့ခိုင်ရေးပါတီရုံးရှေ့ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့ရာ ယခုကဲသို့အခြေအနေများကြောင့် သင်္ကြန်လည်ပတ်ရန် စိတ်ကူးမထားကြောင်း မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့ထဲသွားလည်ဖြစ်လားဆိုတော့ မသွားဖြစ်ဘူးနော် အခြေအနေက ခဏခဏ မိုင်းကွဲနေတာလေ။ မလည်ဖြစ်ဘူး အဲ့ဒီမြို့တော်ခန်းမှာရှေ့မှာလည်း မနက်ကအလုပ်ကစ္စခဏသွားရင်းတွေ့တာ မဏ္ဍပ်ကအကြီးကြီး နှစ်ခုဆောက်ထားပေမယ့် လူကမရှိဘူး ရဲတွေတော့အပြည့်ရှိတယ် အပြင်လူတွေလည်းမဝင်ခိုင်းဘူး လမ်းကောပိတ်ထားတာ မဏ္ဍပ်ဘက်ကိုဝင်လို့မရဘူး”ဟု ၎င်းကပြောသည်။

စစ်ကောင်စီက မြစ်ကြီးနားအပါအဝင် ရန်ကုန်၊ မန္တလေးနှင့်အခြားမြို့ကြီးများတွင် ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်များ ခမ်းခမ်းနားနားတည်ဆောက်ထားသော်လည်း စည်ကားမှုမရှိပဲ လာရောက်လည်ပတ်သူ အလွန်နည်းပါးသည်ကို မြင်တွေ့ရသည်။

Show More

Related Articles

Back to top button