တိုက်ပွဲသတင်း

စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့ကို KIA နှင့် PDF တိုက်ခိုက်ပြီး လက်နက်များသိမ်းဆည်း

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၆ နယ်မြေ ဆော့လော်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်အောက် ပြည်သူ့စစ်အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ တိုက်ခိုက်ပြီး လက်နက်အချို့ သိမ်းဆည်းရမိကြောင်း သိရသည်။

ဧပြီလ ၁၂ ရက်ညနေပိုင်း ဆော့လော်မြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ ဗစ်ရှိန့် ကျေးရွာတွင် ပြည်သူ့စစ် တပ်ဖွဲ့ကို PDF အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆော့လော်ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“မနေ့ ညနေပိုင်းက ဟုတ်တယ်။ PDF တွေနဲ့ ပြည်သူ့စစ်တွေရဲ့ တိုက်ပွဲဖြစ်တယ်။ ပြည်သူ့စစ်ဘက်က ၆ ယောက်ဖမ်းမိတယ်။” ဟု ပြောသည်။

ပြည်သူ့စစ်အဖွဲ့ အင်အား ၁၀ ယောက်ကျော်ပါသော ယာဉ်တစ်စီးကို PDF အဖွဲ့က တိုက်ခိုက်ခဲ့ပြီး လက်နက် ၁၀ လက်ကိုလည်း သိမ်းဆည်းရမိကာ ပြည်သူ့စစ်ဘက် သေဆုံးသူလည်းရှိသည်ဟု သူက ဆက်လက်ပြောဆိုသည်။

ယခု ပစ်ခတ်မှုမှာ KIA တပ်မဟာ ၇ အောက် တပ်ရင်း ၄၆ နယ်မြေဖြစ်သော ချီဖွေ နှင့် ဆော့လော်ဒေသတွင် ၂၀၂၀ မှ ၂၀၂၂ အတွင်း ပထမအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုဒေသတွင် စစ်ကောင်စီတပ် ဝိုင်းမော်အခြေစိုက် ခလရ ၅၈ အောက် စစ်ကြောင်းများ အခြေချထားပြီး ၎င်းတို့ကို ပန်ဝါဗျူဟာမှ ကြီးကြပ်သည်ဟု သိသည်။

စစ်ကောင်စီတပ်အပြင် ဌာနေပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့ စုစုပေါင်း အင်အား ၂၀၀ ကျော်ရှိသည်ဟုလည်း သိရသည်။

ယမန်နေ့ ပစ်ခတ်မှုကြောင့် လက်ရှိ ချီဖွေ ဆော့လော်ဒေသတွင် နှစ်ဖက်တပ်ကြား စစ်ရေးအရ သတိထားရမည့် အခြေအနေရောက်နေသည်ဟု ဒေသခံများထံမှ သိရပါသည်။

Show More

Related Articles

Back to top button