မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြေရှားတူးဖော်ရေးအစီစဉ် ကန့်ကွက်သူကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးထား

ကချင်ပြည်နယ် ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသ ထွန်းရှိန်ကျေးရွာတွင် မြေရှားသတ္ထု (Rare Earth) တူးဖော်ရန် ကန့်ကွက်သည့် ဒေသခံ ဆယ်အိမ်မှူး အမျိုးသားတစ်ဦးကို ဌာနယ်ပြည်သူ့စစ်အဖွဲ့က ဧပြီလ ၁၁ ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်တွင် လက်ထိပ်ခတ် ရိုက်နက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဦးယော်ဇုန်း ကို မြေရှားသတ္ထု စမ်းသပ်တူးဖော်ရန် စီစဉ်နေသော ဦးလဂျို ကျန်းယိန်းနှင့် ဦး လနာမ် ဘောမ့်တိန့် တို့ ၂ဦး က ဆိုင်ကယ်ပေါ်မှ ဆွဲချရိုက်နက်မှုများ ပြုလုပ်ခဲ့သဖြင့် လဂွေပြည်သူ့စစ်အဖွဲ့ဝင် ၆ဦးထံသို့ အပ်နှံခဲ့ပြီနောက် လဂွေပြည်သူ့စစ်ဂိတ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အမည်ဖော်လိုသူ ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။

“အဲ့ဒီဖမ်းဆီးသွာတဲ့နောက်ပိုင်းကနေ အဆက်အသွယ်လည်းမရဆိုတော့ဘူးတဲ့။ ပြန်လွတ်ပေးဖို့ ထွန်းရှိန်ဒေသခံတွေက တောင်းဆိုနေကြတယ်။ အခုနောက်ဆုံးသတင်းကတော့ သေချာမရသေးဘူး။ အဆက်အသွယ်လည်း အခက်အခဲရှိနေပါတယ်” ဟု ပြောဆိုသည်။

ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးထားသော ဦးယော်ဇုန်းကို ပြန်လည်လွတ်ပေးရန်အတွက် ထွန်းရှိန်ဒေသခံပြည်သူများက ထိုဒေသရှိ နယ်ခြားစောင့်တပ်အဖွဲ့ကို သွားရောက်တောင်ဆိုမှုများ ပြုလုပ်ထားကြောင်းနှင့် ဆယ်အိမ်မှူး ဦးယော်ဇုန်းသည် မြေရှားသတ္ထုတူးဖော်ရေးအလိုမရှိကြောင်း ကန့်ကွက်ရာတွင် ပါဝင်ခဲ့သော ဒေသခံတစ်ဦးဖြစ်ကြောင်လည်း သိရသည်။

ပြီးခဲ့သော ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အထူးဒေသ(၁) ချမ်းမောခုန်းဒေသရှိ ထွန်းရှိန်၊ ဂျိတ်ဂျောနှင့် နိုဇွန်ဘော် ရွာ ၃ ရွာမှ အုပ်စု ၂ခု၏ နယ်မြေတွင် မြေရှားရှာဖွေရန်အတွက် ကနဦး လေ့လာစမ်းသပ်မှုများ ပြုလုပ်ရန် စည်းရုံးမှုများ ယနေ့အထိ ရှိလာခဲ့ကြောင်း သိရသည်။

ထိုစည်းရုံးမှုများ စတင်လုပ်ဆောင်လာရာတွင် ဒေသခံများတွင်လည်း မြေရှားရှာဖွေလေ့လာ စမ်းသပ်လိုသူနှင့် ကန့်ကွက်လိုသူ စသဖြင့် ၂ဖွဲ့ကွဲပြားနေပြီး ယခု လဂွေပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးခံထားရသူ ဦးယော်ဇုန်းသည် ကန့်ကွက်သည့်အဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိ ချီဖွေ၊ ပန်ဝါဒေသတွင်း မြေရှားသတ္ထုစမ်းသပ်တူးဖော်မှုကြောင့် တောင်ယာ၊ လယ်ယာ၊ သောက်သုံးရေ၊ စားကျက်မြေများ ပျက်စီးသွားနိုင်သောကြောင့် ဒေသခံပြည်သူတစ်ချို့က တားမြစ်ကန့်ကွက် တောင်းဆိုမှုများ ရှိနေကြောင်း လည်း သိရသည်။

အဖိုးတန် မြေရှားသတ္တုထွက်သော ကချင်ပြည်နယ်အရှေ့ဘက် ချီဖွေ၊ ပန်ဝါဒေသတွင် စစ်ကောင်စီကို သစ္စာခံသော ပြည်သူ့စစ်အဖွဲ့မှ ကြီးစိုးထားပြီး ဒေသခံများ၏ သဘောထားကို ဆန့်ကျင်ကာ တရုတ်နိုင်ငံသားများက လာရောက် တူးဖော်နေကြသည်ဟု ဒေသခံများထံမှ သိရပါသည်။

Show More

Related Articles

Back to top button