သတင်း

၂ နှစ်ကြာရပ်နားထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်မည်

ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (Pat Jasan ) အဖွဲ့သည် ယခုနှစ်မှ စတင်ကာ ၂ နှစ်ကျော်ကြာ ရပ်နားခဲ့သော ကချင်ဒေသတွင်း မူးယစ်ဆေးဝါးအသိပညာပေးလုပ်ငန်းများကို ပြန်လည် စတင်လုပ်ဆောင်တော့မည်ဟု သိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်တာအတွင်း ကချင်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ရှေ့မဆက်နိုင်ပဲ ရပ်နားထားခဲ့ရသော်လည်း ယနေ့ ဧပြီ ၂၅ ရက်နေ့ ကျရောက်သော Kachin Anti-Drug-Day နေ့မှစပြီး လုပ်ငန်းမှာ ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ကချင်ဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ဗဟိုမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ကျနော်တို့ ရှေ့က လုပ်ငန်းစီမံကိန်းတွေကို Review ပြန်လုပ်ပြီး ပြန်လည်လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပြီ။ ရှေ့အရင်က အဓိက  Pat Jasan အဖွဲ့လုပ်တောင်နေတာက ပြည်သူတွေကို အသိပညာပေးတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပညာပေးမှုဖြစ်တယ်။ အဲ့တာကိုပဲ ပိုပြီး အားစိုက်လုပ်ဆောင်ဖို့ ဖြစ်တယ်။ ကျေးရွာရပ်တိုင်းမှာရှိတဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့အားလုံးကို ကျနော်တို့ ထုတ်ပြန်စာ၊ ညွှန်ကြားချက်စား အားလုံးပို့ထားပြီးဖြစ်တယ်။ အဲ့ဒီစာထဲမှာ ဒီနေ့ကစပြီး လုပ်ငန်းများ ပြန်လည်ပြီး ဆက်လက်လုပ်ဆောင်ဖို့ ပြောထားတယ်။” ဟု သူက ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အခက်အခဲမျိုးစုံကြား ရှေ့ဆက်လုပ်ဆောင်ရန် ခက်ခဲသောကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ရပ်နားခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၂ ယနေ့ကျရောက်သည့် Kachin Anti-Drug Day အထိမ်းအမှတ်နေ့မှစပြီး ယခင်ရပ်နားထားရသော စီမံကိန်း လုပ်ငန်းများကို ပြန်လည် လှုပ်ရှားလုပ်ဆောင်တော့မည်ဖြစ်ကြောင်း ပြောဆိုသည်။

ထိုသို့ မူးယစ် တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားချိန်တွင်လည်း ပြည်သူလူထုများ၏ ဝိုင်းဝန်းပါဝင်မှုက အရေးကြီးကြောင်း ယခုလို ဆက်ပြောသည်။

“ပြည်သူအားလုံးကို အကြောင်းကြားချင်တာကတော့ ကျနော်တို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ လုပ်ငန်းတွေကို ပြန်ပြီး ဆက်လက်လုပ်ဆောင်တော့မှာပါ။ ဒါကြောင့် ပြည်သူအားလုံးရဲ့ ပါဝင်မှု ၊ ပညာပေးမှုနှင့် ကူညီထောက်ပံ့ပေးမှုက အရေးကြီးဆုံးပဲ။ အားလုံးရဲ့ပါဝင်မှုနဲ့ ကျနော်တို့ရဲ့ ရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးကို အတူတိုက်ဖျက်လိုက်ကြရအောင်လို့ အားလုံးကို ဖိတ်ခေါ်လိုခြင်းဖြစ်တယ်။” ဟု ကချင်လူထု မူးယစ်တိုက်ဖျက်ရေး Pat Jasan အဖွဲ့တာဝန်ရှိသူတစ်ဦး ပြောသည်။

ကချင်လူထု မူးယစ်တိုက်ဖျက်ရေး Pat Jasan ကို ၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်နေ့မှစပြီး စတင်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၁၅ -၂၀၁၆ ခုနှစ်များတွင် ကချင်ပြည်နယ် နေရာအနှံ ဘိန်းခင်း ဖျက်ဆီးခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း နှောင်းပိုင်းတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြည်သူလူထုအား အသိပညာပေးမှု အစီစဉ်များကိုသာ ပိုမို အားစိုက်ပြုလုပ်လာကြောင်း သိရသည်။

Show More

Related Articles

Back to top button