Covid-19သတင်း

မြစ်ကြီးနားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ရှိနေဆဲ

မြစ်ကြီးနားမြို့နယ်တွင် ယခုလအတွင်း ကိုဗစ်-၁၉ ကူးစက်မှု ယခင်လ လျော့နည်းလာသော်လည်း ရောဂါကြောင့် သေဆုံး ဆက်ရှိနေသးကြောင်း လူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရပါသည်။

“ဒီလတော့ ကိုဗစ်ကြောင့် ပိုးကူးစက်ခံရတဲ့သူနဲ့ သေဆုံးသူတွေ သိသိသာသာ လျော့သွားပါပြီ။ ကိုဗစ်လူနာ တွေကို Q center တွေမှာ သွားပို့တာတွေ နည်းသွားပြီ။ ဒါပေမယ့် သေတဲ့သူ ၂ ယောက်တော့ရှိမယ် ကျနော်တို့အသင်းသိတာတော့ ကိုယ်တိုင်သွားယူရတာဆိုလို့။” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက KNG ကို ပြောဆိုခဲ့သည်။

မြစ်ကြီးနားရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခာကြောင့် ဖျားနာကြသော်လည်း အများစု ဆေးရုံမတက်ဘဲ မိမိနေအိမ်တွင်သာ Home Quarantine အဖြစ် ဆေးကုသခံယူနေကြကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

“ဆေးရုံ ကြီးမှာ ဖျားလည်း ဘယ်သူမှ သွားမတက်ကြဘူး။ ကိုယ့်အိမ်မှာပဲ Home Q အနေနဲ့နေပြီး ကြိတ်ကုနေကြရ တယ်။ ရပ်ကွက်က ဘာသာရေးအဖွဲ့အစည်းက ကျမတို့ကို အာဟာရတွေ ပို့ပေးတယ် အိမ်မှာ။ အိမ်ကြက် အကောင်လိုက် ပိုက်ဆံကို စာအိတ်နဲ့ ဆေးဝယ်စားဖို့ ထင်ပါတယ်။ မများပေမယ့် အားဖြစ်စေတယ်။ အမျိုးထဲက ဦးလေးလဲ ဟိုနေ့က ဆုံးသွားပြီ ကိုဗစ်နဲ့။ ဆီးချိုရောဂါအခံရှိတော့ သူက ရွှေစက်ရက်ကွက် မှာနေတာ” ဟု မြစ်ကြီးနားမြို့ ဒူကထောင်ရက်ကွက်မှ ဒေါ်ဂျီးတောင်က ပြောသည်။

ကချင်ပြည်နယ်တွင် ယခုလ ဧပြီလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာသစ်အယောက် (၈၄) ဦးရှိပြီး သေဆုံးသူမရှိကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကလေး သူငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ကိုဗစ်-၁၉ အဖြစ်များပြီး သေဆုံးသူများတွင် နာတာရှည်ရောဂါ ခံစားနေရသူနှင့် ရောဂါအခံရှိသူ အများစုဖြစ်သည်။

လတ်တလော မြန်မာနိုင်ငံတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာ ၁၈၃ ယောက်ထိ ရှိပြီဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button